
ရန်ကုန်၊ ရွှေပြည်သာမြို့နယ်ရှိ ပိတ်သိမ်းလိုက်တဲ့ ဟွာမြောင်စက်ရုံက လုပ်အားခနဲ့ နစ်နာကြေး မပေးတာကြောင့် စက်ရုံလုပ်သားတွေအနေနဲ့ ညအိပ်စောင့်ဆိုင်း တောင်းဆိုနေကြတယ်လို့ အဲဒီစက်ရုံအလုပ်သမားတွေထံက သိရပါတယ်။
တရုတ်နိုင်ငံသားပိုင် အဲဒီစက်ရုံဟာ အော်ဒါမရှိလို့ဆိုပြီး စက်တင်ဘာ ၂၆ ရက်က ပိတ်သိမ်းမယ့်အကြောင်း အလုပ်သမားတွေကို အသိပေးခဲ့ပြီး လုပ်အားခနဲ့ နစ်နာကြေးတွေ မပေးဘဲ စက်ရုံအတွင်းရှိ ပစ္စည်းတွေ ရွှေ့ပြောင်းသယ်ယူနေတာကြောင့် အလုပ်သမားတချို့က အောက်တိုဘာ ၂ ရက်ကစပြီး အိမ်မပြန်ဘဲ စက်ရုံအတွင်း ညအိပ် စောင့်ဆိုင်းနေခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေက စက်တင်ဘာလအတွက် လစာနဲ့ ရုတ်တရက် အလုပ်ပိတ်လိုက်တဲ့အတွက် နစ်နာကြေး တလစာ၊ ကိုယ်ဝန်ဆောင် အမျိုးသမီး လုပ်သားတွေအတွက် နစ်နာကြေးတွေ ပေးဖို့အတွက် တောင်းဆိုထားကြတာ ဖြစ်ပါတယ်။
စက်ရုံအလုပ်သမားတဦးက “စက်ရုံဘက်က တောင်းဆိုချက်တွေပေးဖို့ မပေးဘဲ ဝေ့နေတာ။ အလုပ်သမားတွေကတော့ မျှော်လင့်ချက်နဲ့ ဆက်တောင်းနေမှာပဲ။ စက်ရုံထဲက ပစ္စည်းတွေလည်း ရွှေ့နေတော့ ဘာမှမရလိုက်ကြမှာလည်း စိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။
အလုပ်သမားတွေက အခုလို ညအိပ်စောင့်ဆိုင်းမှုတွေ ရှိနေတာကြောင့် စက်ရုံဘက်က ရဲခေါ်ပြီး ဖိအားပေးတာ၊ စက်ရုံလုပ်သား အမျိုးသမီးနှစ်ဦးကို အထည်ခိုးတယ်ဆိုပြီး ရဲစခန်းမှာ အမှုဖွင့် ဖမ်းဆီးခိုင်းပြီး ကျန်အလုပ်သမားတွေကို ခြိမ်းခြောက်ပြတာ၊ စက်ရုံအတွင်း ရေ၊ မီး ဖြတ်ထားတာမျိုးတွေ လုပ်ဆောင်နေတယ်လို့လည်း အဲဒီ စက်ရုံအလုပ်သမားအရေး ကူညီပေးနေသူတဦးက ဆိုပါတယ်။
အလုပ်သမားတွေရဲ့ တောင်းဆိုမှုနဲ့ပတ်သက်လို့ မနေ့ အောက်တိုဘာ ၃ ရက်က ဖြေရှင်း ဆောင်ရွက်ပေးမယ့် အချက်တွေဆိုပြီး စက်ရုံဘက်က စာတစောင် ထုတ်ခဲ့ပါတယ်။
အဲဒီစာမှာ အလုပ်သမားတွေရဲ့ စက်တင်ဘာလအတွက် လက်ကျန်လစာငွေတွေကို အောက်တိုဘာ ၅ ရက်မှာ ထုတ်ပေးမှာဖြစ်ပြီး လုပ်သက် တနှစ်အထက်ရှိ ကိုယ်ဝန်ဆောင်လုပ်သား ၆ ဦးအတွက် လူမှုထောက်ပံ့ကြေး တသိန်းကျပ်စီနဲ့ လုပ်သက် တနှစ်အောက် ကိုယ်ဝန်ဆောင် ၅ ဦးအတွက် ကျပ် ၅၀၀၀၀ စီ ထောက်ပံ့ပေးမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် လုပ်သက် တလမှ သုံးလအထိ အလုပ်သမားတွေကို လူမှုထောက်ပံ့ကြေး တသောင်းကျပ်စီနဲ့ လုပ်သက် သုံးလမှ ခြောက်လအထိရှိတဲ့ အလုပ်သမားတွေကို ကျပ် ၁၅၀၀၀ စီ ထောက်ပံ့ပေးမယ်လို့လည်း ဆိုပါတယ်။
အလုပ်ရပ်စဲမှု နစ်နာကြေးနဲ့ သက်ဆိုင်ရာ ရပိုင်ခွင့်တွေကို အောက်တိုဘာ ၂၆ ရက်မှာ ပေးချေမှာဖြစ်ပြီး နို့တစ်ကြေညာပြီး ဖြစ်တဲ့အတွက် ထပ်မံတောင်းဆိုတဲ့ နို့တစ်ကြေး တလစာကို ပေးနိုင်မှာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။
စက်ရုံရဲ့ ထုတ်ပြန်ချက်ဟာ အလုပ်သမားတွေရဲ့ တောင်းဆိုချက်နဲ့ ကွဲလွဲနေတာကြောင့် အလုပ်သမားတွေဘက်က လက်မခံနိုင်ကြဘူးလို့ ကူညီဆောင်ရွက်ပေးနေသူက ဆိုပါတယ်။
“နို့တစ်ကြေညာပြီး အလုပ်ခိုင်းသည်ဖြစ်စေ မခိုင်းသည်ဖြစ်စေ အောက်တိုဘာလအတွက် တလစာကို ပေးကိုပေးရမှာလေ။ ဒါကို မလိမ့်တပတ်နဲ့ လုပ်တာ၊ အလုပ်သမားတွေကတော့ လက်မခံဘူး။”
အဲဒီလို စက်ရုံပိတ်သိမ်းပြီး နစ်နာကြေးအတွက် နှစ်ဖက် အငြင်းပွားမှုတွေ ဖြစ်နေပေမဲ့ အလုပ်သမားရုံး တာဝန်ရှိသူတွေက ဖြေရှင်းဆောင်ရွက်ပေးတာမရှိဘဲ အလုပ်ရှင်နဲ့ပဲ တွေ့ပြီး ပြန်သွားကြတယ်လို့ စက်ရုံလုပ်သားတွေက ဆိုပါတယ်။
အဲဒီစက်ရုံက အလုပ်သမားတချို့က သမဂ္ဂဖွဲ့စည်းဖို့ ပြင်ဆင်ဆောင်ရွက်နေတာကို စက်ရုံဘက်က သိသွားပြီးနောက် အခုလို ပိတ်သိမ်းတဲ့အစီအစဥ် ရှိလာတာ ဖြစ်တယ်လို့လည်း အလုပ်သမားတွေထံက သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ပိတ်သိမ်းလိုက်တဲ့ စက်ရုံတွေအနေနဲ့ အလုပ်သမားတွေကို နစ်နာကြေး အပြည့်မပေးတဲ့ဖြစ်ရပ်တွေ ရှိခဲ့ပြီး အလုပ်သမားရုံးတွေကလည်း လျစ်လျူရူထားကြတယ်လို့ ပြည်တွင်းအခြေစိုက် အလုပ်သမားအဖွဲ့တွေထံက သိရပါတယ်။










