
ဆမ်ဆောင်းအီလက်ထရောနစ်ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဂျေးဝိုင်လီဟာ မေ ၁၆ ရက်က တောင်ကိုရီးယား အလုပ်သမားသမဂ္ဂနဲ့ လက်ရှိဖြစ်နေတဲ့ လုပ်ခလစာအငြင်းပွားမှုကို ရည်ညွှန်းပြီး ကုမ္ပဏီရဲ့ ပြည်တွင်းပြဿနာတွေအတွက် အများပြည်သူကို တောင်းပန်ခဲ့ပါတယ်။
ခုအပတ်မှာ လုပ်ခလစာ သဘောတူညီချက် ဆွေးနွေးပွဲတွေ ပျက်သွားပြီးတဲ့နောက် ဖြစ်နိုင်ခြေရှိတဲ့ သပိတ်မှောက်မှုနဲ့ပတ်သက်ပြီး ဆမ်ဆောင်းရဲ့ စိုးရိမ်မှုတွေ တိုးလာချိန်မှာ လီရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာတာပါ။
နည်းပညာကုမ္ပဏီ ဆမ်ဆောင်းမှာ အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ သပိတ်မှောက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေကို လျှော့ချပေးနိုင်တဲ့ လုပ်ဆောင်ချက် တရပ်အနေနဲ့ ဆမ်ဆောင်းနဲ့ သူ့ရဲ့ တောင်ကိုရီးယား အလုပ်သမားသမဂ္ဂတို့ဟာ မေ ၁၈ ရက်မှာ အစိုးရကြားဝင်စေ့စပ်ပေးသူ တယောက်နဲ့ လုပ်ခလစာဆွေးနွေးပွဲတွေကို ပြန်စမယ်လို့ အလုပ်သမား သမဂ္ဂက ပြောပါတယ်။
စနေနေ့မှာ အလုပ်သမားသမဂ္ဂက ဆမ်ဆောင်းဟာ ဆွေးနွေးပွဲတွေအတွက် ကုမ္ပဏီရဲ့ ကိုယ်စားလှယ်ကို အစားထိုးခဲ့ပြီး နှစ်ဖက်စလုံးက စနေနေ့နှောင်းပိုင်းမှာ သီးခြားအစည်းအဝေးတခု ကျင်းပမယ်လို့ ပြောပါတယ်။
Source: Reuters










