
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က Spring Moon Garment အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေ တောင်းဆိုထားတဲ့ လုပ်ခလစာ တိုးပေးရေး အပါအဝင် စုပေါင်းတောင်းဆိုမှုဟာ အချိန် ၃ ပတ်ကျော် ကြာတဲ့အထိ မပြေလည်သေးဘဲ ဆက်လက် ညှိနှိုင်းနေပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် စက်မှုဇုန် (၄) က Spring Moon Garment Manufacturing အထည်ချုပ်စက်ရုံမှာ လုပ်ခလစာနဲ့ ခံစားခွင့် တိုးမြှင့်ပေးရေးအတွက် အလုပ်သမားတွေ ဆက်လက် စုပေါင်းတောင်းဆိုနေကြတာပါ။
အလုပ်သမား ၁၇၇ ယောက်ဟာ ဇူလိုင် ၈ ရက်ကစပြီး တရက်လုပ်အားခ ၁၃,၀၀၀ ကျပ်၊ အချိန်ပိုကြေး ၂,၅၀၀ ကျပ်၊ ရက်မှန်ကြေး ၅၀,၀၀၀ ကျပ်နဲ့ ကျွမ်းကျင်ကြေး တိုးမြှင့်ပေးရေး အပါအဝင် အချက် ၉ ချက်ကို တောင်းဆိုခဲ့ကြတာပါ။
တောင်းဆိုမှုအတွင်း အလုပ်ရှင်ဘက်က ဒေးကြေး ၁၁,၀၀၀ ကျပ်နဲ့ အချိန်ပိုကြေး ၂,၂၀၀ ကျပ်အထိသာ ပေးခဲ့ပြီး ကျန်တောင်းဆိုချက်တွေကို လက်မခံသေးတာကြောင့် ညှိနှိုင်းမှုတွေ ဆက်လုပ်နေပါတယ်။
သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) တာဝန်ရှိသူတယောက်က “စက်ရုံဘက်က မလိုက်လျောတာက ဒေးကြေး၊ အိုတီကြေး၊ ရက်မှန်ကြေး မတိုးပေးဘူး။ Grade ကြေးတွေ မတိုးပေးတာပေါ့။ ဘာဆက်လုပ်သွားမလဲဆိုတော့ အလုပ်သမားတွေကတော့ လုပ်ငန်းခွင်ပြင်ပ ဖိအားပေး တောင်းဆိုမှုကို ဆက်လုပ်သွားမယ် ပြောတယ်။ ကျမတို့ကတော့ သူတို့ တောင်းဆိုနေတဲ့ ကာလတလျှောက်လုံးမှာ ညှိနှိုင်းနေတဲ့အချိန်မှာ ဝင်ပါပြီး အကောင်းဆုံး ကူညီပြီးတော့ ညှိနှိုင်းပေးတာပေါ့နော်။ ကျန်တာတော့ လုပ်ပေးလို့မရဘူး။ လုပ်ငန်းရှင် မရှိဘဲနဲ့ ပြေလည်မှုရမယ် မထင်ဘူး။ ဘာလို့လဲဆိုတော့ ကြားခံညှိနေရတာဆိုတော့ သိပ်အဆင်မပြေဘူး။ ဒါပေမဲ့ အလုပ်သမားတွေကတော့ လုပ်ငန်းရှင်က ၁၀ ရက်နေ့မှ ရောက်မယ်၊ ညှိမလားဆိုတော့ မဟုတ်ဘူး ဆက်တောင်းမယ်ဆိုတော့ ကျမတို့က အလုပ်သမားရဲ့ ဆုံးဖြတ်ချက်ကို လေးစားပေးရမှာပေါ့။ သူတို့ကို အတင်းအကျပ်ကြီး ဒါမလုပ်နဲ့ ဒါလုပ်လို့တော့ ပြောလို့ မရဘူး” လို့ ပြောပါတယ်။
ဇူလိုင် ၂၄ ရက်မှာ အလုပ်ရှင်ဘက်ရဲ့ ကမ်းလှမ်းချက်အရ အလုပ်သမားတွေက စုပေါင်း တောင်းဆိုမှုကို ၃ ရက် ရပ်နားပြီး လုပ်ငန်းခွင် ပြန်ဝင်ခဲ့ပါတယ်။
ဒါပေမဲ့ ဇူလိုင် ၃၀ ရက် ပေါင်းစပ်ညှိနှိုင်းပွဲမှာ သဘောတူညီချက် မရခဲ့တာကြောင့် ဇူလိုင် ၃၁ ရက်ကစပြီး အလုပ်သမားတွေက မူလတောင်းဆိုချက်အတိုင်း ထပ်မံတောင်းဆိုနေကြတာပါ။
အလုပ်ရှင်ဘက်က အထည်ဆုကြေးပဲ တိုးပေးမယ်လို့ ပြောပေမဲ့ အလုပ်သမားတွေ လက်မခံနိုင်ဘဲ တရက်လုပ်အားခ ဒေးကြေးကို အနည်းဆုံး ၁၂,၀၀၀ ကျပ်အထိ တိုးပေးဖို့ လိုလားနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
Spring Moon စက်ရုံ အလုပ်သမတယောက်က “စက်ရုံဘက်က ညီမတို့ တောင်းဆိုထားတဲ့အချက်တွေ တခုမှ မလိုက်လျောပေးခဲ့ပါဘူး။ အခု သူတို့ဘက်က အထည်ဆုကြေးနဲ့ပဲ ပေးသွားမယ်လို့ ပြောပါတယ်။ ညီမတို့ဘက်က အဲ့အထည်ဆုကြေးကို လက်မခံပါဘူး၊ သူတို့ပေးတဲ့ ဆုကြေးက အရမ်းနည်းတော့ တလိုင်းကို စံချိန်ပြည့်ဆုကြေး ၂ သိန်းပဲ ပေးတယ်။ ညီမတို့ တလိုင်းကို လူဦးရေက ၅၀ ကျော်ရှိပါတယ်။ တယောက်ချင်းခွဲယူရင် တလမှ ဘယ်လောက်မှ မရပါဘူး။ တခြား Cutting တွေ၊ စတိုတွေ၊ မီးရိုက်တွေ ဆိုရင် အထည်ဆုကြေးဆိုတာ မရှိပါဘူး။ ဒါကြောင့် လက်မခံတာပါ။ ဒေးကြေး ၁၃,၀၀၀ တောင်းတယ်ဆိုပေမဲ့ ၁၂,၀၀၀ လောက်ရရင် အဆင်ပြေပါတယ်။ ဒါပေမဲ့ သူဋ္ဌေးဘက်က ရှုံးနေလို့ မပေးနိုင်ဘူးလို့ပဲ ပြောပါတယ်” လို့ ပြောပါတယ်။
Spring Moon Garment ဟာ အလုပ်သမား ၂၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ CMP အထည်ချုပ်စက်ရုံတရုံ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်း မြင့်တက်လာပေမဲ့ အနိမ့်ဆုံးလုပ်ခကို တရားဝင် ပြန်လည် သတ်မှတ်နိုင်ခြင်း မရှိသေးတာကြောင့် စက်ရုံအများအပြားမှာ လုပ်ခတိုးမြှင့်ရေး တောင်းဆိုမှုတွေနဲ့ လုပ်ငန်းခွင် အငြင်းပွားမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။










