DVB Logo
Home
မြန်မာသတင်း
PDF တပ်များအတွက် NUG က ၂ နှစ်အတွင်း ကန်ဒေါ်လာ ၁၅ သန်းကျော် ထောက်ပံ့
DVB
·
October 4, 2023
PDF တပ်များအတွက် NUG က ၂ နှစ်အတွင်း ကန်ဒေါ်လာ ၁၅ သန်းကျော် ထောက်ပံ့
Donate to DVB

ပြည်သူ့ခုခံတွန်းလှန်စစ် ၂ နှစ်တာ ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်းတွေကို တပ်ရင်းထောက်ပံ့စရိတ်အဖြစ် ၁၆ ကြိမ်ပေးပို့ခဲ့ပြီး ငွေကြေးပမာဏအားဖြင့် စုစုပေါင်းခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇ သန်း နီးပါး ရှိခဲ့ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၃ ရက်မှာ ခုလိုထုတ်ပြန်လိုက် တာဖြစ်ပြီးတော့ နိုင်ငံတဝန်း ဖွဲ့စည်းထားတဲ့ တပ်ရင်း/စစ်ကြောင်း ၃၀၀ လောက်ကို ပေး ပို့ခဲ့တာဖြစ်ကာ အခုနောက်ဆုံးပေးပို့တဲ့ ၁၆ ကြိမ်မြောက် တပ်ရင်း ထောက်ပံ့စရိတ် အနေနဲ့ စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ ၁ သန်းနီးပါး ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါ တပ်ရင်းထောက်ပံ့စရိတ်တွေရဲ့ ၈၆ ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းကိုတော့ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) PRF - People's Revolution Supply Family အစီအစဥ်ကနေ ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာကနေ ၂၀၂၃ ဩဂုတ်လအထိ ၂၁ လတာ ကောက်ခံ ရရှိတဲ့ ဘဏ္ဍာငွေတွေကနေ ထုတ်နုတ်သုံးစွဲခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

NUG အစိုးရကတော့ အစိုးရ ဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း နိုင်ငံတဝန်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၂၉၃ ရင်း စုဖွဲ့တည်ဆောက်နိုင်ခဲ့ပြီး တပ်ရင်း အဖြစ် အသိအမှတ်ပြုဖို့ စိစစ်ဆဲ တပ်ရင်း ၆၈ ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ဖွဲ့စည်းနိုင်ခဲ့ပြီလို့ ပြောထားပါတယ်။

ဒါ့အပြင် ၂ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံအနှံ့ တိုက်ပွဲအကြိမ်ရေ ၉,၉၀၀ လောက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၂ ရာခိုင်နှုန်းကျော်ပမာဏဖြစ်တဲ့ အယောက်   ၃၀,၀၀၀ လောက်ထိ ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

အခုအချိန်ကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ရဲ့ နောက်တဆင့်ဖြစ်တဲ့ မဟာဗျူဟာ ထိုးစစ်ကာလကို ရောက်ရှိလာတာနဲ့အညီ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ အရေးပါတဲ့ နောက်တန်း ထောက်ပို့တပ်ဖြစ်တဲ့ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အစီအစဥ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဘဏ္ဍာငွေ ရှာဖွေရေး အစီအစဥ်တွေမှာ ဆက်လက်ထောက်ပံ့ပါဝင်ကြဖို့ NUG အစိုးရက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013