ဥရောပနိုင်ငံ အများအပြားမှာ တရိပ်ရိပ်မြင့်တက်နေတဲ့ ငွေကြေးဖောင်းပွမှုကြားမှာ ဂျာမန်ဆရာဝန်တွေ ထောင်နဲ့ချီပြီး အောက်တိုဘာ ၂ ရက်က ဂျာမနီနိုင်ငံတဝန်း လမ်းတွေပေါ် ထွက်ခဲ့ကြပြီး စရိတ်စကတွေ မြင့်တက်လာမှုအပေါ် မကျေနပ်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။
မြို့တော် ဘာလင်ရှိ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေဟာ ဖက်ဒရယ် ကျန်းမာရေးဝန်ကြီးဌာန ဌာနချုပ် အပြင်ဘက်မှာ စုဝေးခဲ့ကြပြီး ငွေကြေးပံ့ပိုးမှုပိုပေးဖို့ မေတ္တာရပ်ခံ တောင်းဆိုခဲ့ပါတယ်။
“Clinic Crisis” ဆေးခန်းအကျပ်အတည်းဆိုတဲ့ ချီတက်ပွဲ ဆောင်ပုဒ်အောက်မှာ ဆေးဘက်ဆိုင်ရာအသင်းအဖွဲ့ ၂၀ နီးပါးအပြင် တရားဝင် ကျန်းမာရေးအာမခံ အဖွဲ့အစည်းတွေနဲ့ ဆေးအရောင်းဆိုင် အတော်များများလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒီသပိတ်မှောက်ပွဲမှာ ပါဝင်ခဲ့ကြပါတယ်။
စွမ်းအင်တိုးမြှင့်စရိတ်တွေ၊ မအောင်မြင်တဲ့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ ရှားပါးလာမှုတွေကြောင့် ဖိအားတွေကို မကျော်လွှားနိုင်တဲ့အဆုံး ဆေးခန်းတွေဟာ တဖြည်းဖြည်း ပိတ်ကုန်ကြပြီလို့ ဆန္ဒပြပွဲ စီစဉ်သူတွေက ပြောပါတယ်။
အစိုးရရဲ့ တင်းကျပ်တဲ့ ဘတ်ဂျက်ငွေဟာ သူတို့ရဲ့ စီးပွားရေး ခက်ခဲတဲ့အခြေအနေကို ပိုဆိုးအောင် လုပ်နေတာသာရှိပြီး လက်ရှိအခြေအနေကို မပြောင်းလဲဘူးဆိုရင် ဆေးခန်းတွေကို ပိတ်ပစ်ကုန်တာဟာ ဘာမှမဆန်းပြားတဲ့ကိစ္စ ဖြစ်သွားတော့မယ်လို့လည်း သူတို့က ဆိုပါတယ်။
လကုန်ရင် ဝန်ထမ်းလစာ ပေးဖို့တွေနဲ့ အိမ်ငှားခတွေ ပေးဖို့အတွက် လမကုန်ခင် ပိုက်ဆံရှိထားမှ ဖြစ်တာကြောင့် ဆေးခန်းတွေမှာ ဆန္ဒပြတာကလွဲလို့ ရွေးစရာမရှိပါဘူးလို့ ဆေးခန်းအော်ပရေတာ မာကို ဘီလက်ပ်က ပြောပါတယ်။
တချို့ဆေးခန်း အနည်းငယ်လောက်မှာ အလွန်အကျွံများနေတဲ့ လူနာအရေအတွက်ကို အလျဉ်မီဖို့အတွက် အပူတပြင်း လုပ်နေရတာကို တွေ့နေရပြီး ဒါဟာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ အလုပ်ဝန်ထုပ်ကို သိသိသာသာ ပိုများအောင် လုပ်နေရုံသာမက တိုင်ပင်ညှိနှိုင်းချိန် နည်းပါးပြီး ဆွေးနွေးအကြံဉာဏ်ယူရချိန် အကန့်အသတ် ရှိနေရတာကြောင့် လူနာကုသစောင့်ရှောက်မှုပိုင်းရဲ့ အရည်အသွေးကိုလည်း ထိခိုက်စေတယ်လို့ ဆန္ဒပြပွဲအတွင်းရှိ ဆရာဝန်တဦးက ပြောကြားပါတယ်။
Source/Photo-Reuters