DVB Logo
Home
မြန်မာသတင်း
အခြေခံလုပ်ခလစာတိုးပေးရန် စက်ရုံအလုပ်သမားများ မျှော်လင့်
DVB
·
October 3, 2023
အခြေခံလုပ်ခလစာတိုးပေးရန် စက်ရုံအလုပ်သမားများ မျှော်လင့်
Donate to DVB

အစိုးရဝန်ထမ်းတွေကို စစ်ကောင်စီက အပိုထောက်ပံ့ကြေးပေးသလို နိုင်ငံတွင်းက စက်ရုံ အလုပ်ရုံ အလုပ်သမားတွေအတွက် အခြေခံလုပ်ခလစာကိုလည်း တိုးပေးဖို့ မျှော်လင့်တယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားသမဂ္ဂအဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီက Non-CDM ဝန်ထမ်းတွေ၊ စစ်သားတွေနဲ့ ရဲတွေကို လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအနေနဲ့ တဦးကို တလ ကျပ် ၃၀,၀၀၀  အောက်တိုဘာလကစပြီး လစဉ် ခံစားခွင့်ပေးသွားမယ်လို့ စက်တင်ဘာ ၃၀ ရက်မှာ ထုတ်ပြန် ကြေညာခဲ့တာပါ။

ဒါ့အပြင် ဌာနဆိုင်ရာတွေနဲ့ အဖွဲ့အစည်းတွေမှာရှိတဲ့ နေ့စားအလုပ်သမားတွေရဲ့ တရက်လုပ်အားခ ၄,၈၀၀ ကျပ်ကို အပိုထောက်ပံ့ကြေး တရက် ၁,၀၀၀ ကျပ်တိတိ ထပ်မံ ခံစားခွင့်ပေးမယ်လို့ ဆိုပါတယ်။

အစိုးရဝန်ထမ်းတွေကို ထောက်ပံကြေးပေးသလို စက်ရုံအလုပ်သမားတွေရဲ့ လုပ်ခလစာလည်း တိုးသင့်တယ်လို့  STUM - သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် တာဝန်ရှိသူက ပြောပါတယ်။

“စက်ရုံအလုပ်သမားတွေ လစာတိုးပေးနိုင်လားဆိုတော့ တိုးပေးနိုင်တဲ့ အနေအထားလည်း ရှိတာပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ ဟိုတုန်းကလည်း ဒီလိုပဲ အစိုးရဝန်ထမ်းတွေကို အရင်တိုးတယ်။ ပြီးတဲ့အခါကျ စက်ရုံအလုပ်သမားတွေကို တိုးတယ်။ ပုံစံကြည့်ရတာက အလုပ်ရှင်တွေနဲ့ ညှိထားတာ ၅,၀၀၀ ကျော်လောက်ပဲ တိုးချင်တယ်နဲ့ တူပါတယ်။ ၅,၆၀၀ ဆိုတဲ့အသံက အရှေ့ပိုင်းမှာ အရင်ဆုံးထွက်ပြီး အဲ့လိုတိုးဖို့ ကြိုးစားကြတာ။ တကယ့်လက်တွေ့ မြေပြင်အနေအထားအရ အလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားသမဂ္ဂတွေ အဆိုပြုထားတဲ့ နှုန်းက အသံပြုထားတဲ့နှုန်းက ၅,၆၀၀ တော့ ဘယ်အဖွဲ့မှ မကြားဘူး။ ဒီကာလမှာ ၅,၀၀၀ ကျော်ကတော့ ထူးပြီးတော့ ပြောင်းမှာမဟုတ်ဘူး၊ အခုကုန်ဈေးနှုန်းနဲ့တွက်မယ် ဆိုရင်လေ။”

ပြည်တွင်းမှာ တရားဝင်သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်ခလစာက တရက် ၄,၈၀၀ ကျပ် ဖြစ်ပြီး အနိမ့်ဆုံး လုပ်အားခကို တရက် ၅,၆၀၀ ကျပ် ပေးနေတဲ့ စက်ရုံတွေလည်း ရှိပါတယ်။ အဆမတန်မြင့်နေတဲ့ ကုန်ဈေးနှုန်းကြောင့် ငွေကျပ် ၄,၈၀၀ က လောက်ငမှုမရှိဘဲ ကုန်ဈေးနှုန်းနဲ့ညီမျှတဲ့ လုပ်ခလစာရဖို့ အလုပ်သမားတွေက တောင်းဆိုနေကြပါတယ်။

စက်ရုံအလုပ်သမားတဦးက “ပြည်တွင်းမှာရတဲ့ လုပ်ခလစာက ဘယ်လိုမှ အဆင်မပြေဘူးလေ။ ကိုယ့်လက်ရှိရတာက အရင်တုန်းကဆို တယောက်ရရင် ၄ ယောက်လောက် စားလို့ရတယ်။ အခုက တယောက်ရတဲ့နှုန်းက တယောက်အတွက်ပဲဆိုတော့ သူတို့အတွက်က လက်ရှိအချိန်မှာ ၇,၀၀၀ ရရ ၈,၀၀၀ ရရ လောက်ငမှာမဟုတ်ဘူး။ ၅,၆၀၀ ကတော့ ဒီက ပြည်သူတွေအတွက် လုံးဝအဆင်မပြေဘူး။ ကုန်ဈေးနှုန်းတက်တာတော့ အဓိကက ရတဲ့လစာက နည်းပြီး ကုန်ဈေးနှုန်း ၂ ဆခွဲ ၃ ဆဖြစ်နေတော့ လုံးဝအဆင်မပြေဘူး။ ဆန်တပြည်တောင် လေးငါးထောင် ဖြစ်နေတော့ ဘယ်လိုမှ အဆင်မပြေဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိကုန်ဈေးနှုန်းအရ ငွေကျပ် ၅,၀၀၀ ကျော်သာ လုပ်ခလစာ တိုးလာမယ်ဆိုရင် အဆင်မပြေနိုင်ဘူးလို့ အလုပ်သမားသမဂ္ဂအဖွဲ့တွေက မှတ်ချက်ပေးပါတယ်။

စစ်ကောင်စီအနေနဲ့ ဝန်ထမ်းတွေကို လစာတိုးတယ်ဆိုတဲ့ အသုံးအနှုန်းမသုံးဘဲ အပိုထောက်ပံ့ကြေးလို့သာ သုံးထားပြီး ပိုပေးလိုက်တဲ့ ကျပ် ၃၀,၀၀၀ က လက်ရှိ ကုန်ဈေးနှုန်းနဲ့စာရင် ဘာမှ ပြောပလောက်တဲ့ ပမာဏ မဟုတ်ဘူးလို့ ပြောဆိုနေကြပါတယ်။

အလုပ်သမားအရေး ဆောင်ရွက်သူ ကိုသူရိန်အောင်က “တကယ့်မြေပြင်မှာ အလုပ်သမားတွေ ဘယ်လိုစားသောက်နေရလဲ မသိဘူး။ ရတဲ့ပိုက်ဆံနဲ့ ကုန်ဈေးနှုန်းနဲ့ အတော်ကြီး ဟလာတယ်။ ဖြစ်နိုင်ခြေတခုရှိတာက လုံးဝ ရှင်သန်ရပ်တည်ဖို့ အခက်အခဲဖြစ်လာရင် နိုင်ငံပြင်ပ ထွက်မယ့်သူတွေ များသထက် များလာမယ်လို့ မှန်းဆလို့ရတယ်။ ရတဲ့လစာနဲ့ ကုန်ဈေးနှုန်း မျှတမှုမရှိရင် အဲ့လိုဖြစ်လာမယ်။ နိုင်ငံထဲမှာ ဘာတွေကျန်ခဲ့မလဲဆိုရင် အသက်မပြည့်သေးတဲ့ လူငယ်တွေရယ်၊ သက်ကြီးရွယ်အိုတွေရယ်၊ လုံးဝထွက်ခွာဖို့ အဆင်သင့်မဖြစ်တဲ့လူတွေ၊ အဆင်မပြေတဲ့ လူငယ်ပိုင်းတွေပဲ ကျန်ခဲ့တော့မယ် ထင်ပါတယ်” လို့ ပြောပါတယ်။

တရက်လုပ်အားခ အနိမ့်ဆုံး ငွေကျပ် ၄,၈၀၀ သတ်မှတ်ခဲ့တာ ၂၀၁၈ ကတည်းကနေ လက်ရှိ အချိန်ထိ ၅ နှစ်တိုင်အောင် ပြင်ဆင် ပြောင်းလဲပြဋ္ဌာန်းတာ မရှိသေးပါဘူး။

စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်သမားတွေ လုပ်ခလစာ အပြည့်မရတာ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စတွေမှာ အလုပ်သမားအဖွဲ့တွေ ထဲထဲဝင်ဝင် ကူညီခွင့် မရတော့ပါဘူး။ ဒါ့အပြင် စစ်ကောင်စီက အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ အလုပ်သမား လှုပ်ရှားသူ ရာနဲ့ချီ ဖမ်းဆီးထားပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013