ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခုနှစ်အစပိုင်းက စပြီး သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ အယောက် ၁,၀၀၀ ကျော်နဲ့ စံချိန်တင်ခဲ့တယ်လို့ အောက်တိုဘာ ၁ ရက်က ထုတ်ပြန်တဲ့ တရားဝင် ကျန်းမာရေး စာရင်းမှာ ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ဆောင်မှုများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေ အရ ခြင်ကြောင့် ကူးစက်ခံရသူ ၂ သိန်း ကျော်မှာ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၁,၀၀၆ ဦး ရှိခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မနှစ်က တနှစ်လုံးမှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၂၈၁ ဦး ရှိခဲ့ပြီး ဒီနှစ်မှာတော့ လေးဆနီးပါး ပိုများလာပြီး နိုင်ငံရဲ့ရောဂါဖြစ်ပွားမှု အဆိုးရွားဆုံးနှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
နိုင်ငံရဲ့မြို့တော် ဒါကာမှာရှိတဲ့ မုဂါအထွေထွေရောဂါကု ဆေးရုံကြီးက တုပ်ကွေးလူနာဆောင်မှာ အောက်တိုဘာ ၂ ရက်က လူစည်ကား နေခဲ့ပါတယ်။
မကြာသေးမီ ရက်တွေအတွင်း ဒါကာမြို့တော်က လူနာတွေ လျော့နည်းသွားပေမဲ့ နိုင်ငံရဲ့ ကျေးလက်ဒေသတွေကနေ လာတဲ့ ဆေးရုံတက်ရသူ အရေအတွက် တိုးလာလို့ ဒါဟာ စိုးရိမ်စရာ လက္ခဏာပဲလို့ ဆေးရုံစီမံခန့်ခွဲသူ နီယာတက်ဇာမန်က ပြောပါတယ်။
အခုနှစ် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအများစုဟာ မြို့တော် ဒါကာရဲ့ အပြင်ဘက်ခရိုင်တွေမှာ ဖြစ်တယ်လို့ ကျန်းမာရေးအာဏာပိုင်တွေနဲ့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
တောင်အာရှနိုင်ငံ ဘင်္ဂလားဒေ့ရှ်မှာ ဇွန်လကနေ စက်တင်ဘာလအထိ မုတ်သုံရာသီအတွင်း တုပ်ကွေးရောဂါ အဖြစ်များပြီး ကုသဆေးရော ကာကွယ်ဆေး ပါ မရှိသေးပါဘူး။
Source/Photo-Reuters