DVB Logo
Home
ဘောလုံး
လီဗာပူးအသင်း PSG ကိုရှုံးနိမ့်ကာ ချန်ပီယံလိဂ်မှ ထွက်ခဲ့ရပြီး ဆုဖလားလက်မဲ့ရာသီဖြစ် 
DVB
·
April 15, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဒီမနက်အစောပိုင်းကစားသွားတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ပြင်သစ် PSG အသင်းကို အိမ်ကွင်းအန်ဖီးလ်မှာ (၂-၀) ဂိုးနဲ့ ထပ်မံရှုံးနိမ့်ခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် (၄-၀) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ အဝေးကွင်း ပဲရစ်မြို့မှာ ကစားခဲ့တဲ့ ပထမအကျော့တုန်းကလည်း PSG ကို  ၂ ဂိုးပြတ် ရှုံးနိမ့်ထားတဲ့ အာနီ စလော့ရဲ့ လီဗာပူး အသင်းဟာ အိမ်ကွင်းပရိသတ်ရှေ့မှာ ပြန်လာနိုင်ဖို့ အားတက်သရော ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ဒုတိယပိုင်းမှာ ပြင်သစ်ကြယ်ပွင့်ကစားသမား  ဒမ်ဘီလီက ၂ ဂိုးဆက်တိုက် သွင်းယူခဲ့တာကြောင့် လီဗာပူးတို့  ဥရောပဖလား မျှော်လင့်ချက်တွေ ပျက်ပြယ်ခဲ့ရပါတယ်။

ဒီပွဲမှာ လီဗာပူးအသင်းဟာ အခွင့်အရေးတချို့ ရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ပါဘူး။ ပထမပိုင်းမှာ ဗန်ဒိုက်ရဲ့ အပိုင်ကန်သွင်းမှုကို မာကွင်ဟို့စ်က ဂိုးလိုင်းပေါ်ကနေ ရှင်းထုတ်ခဲ့သလို၊ အလက်ဆစ် မက်အလစ္စတာ ရရှိခဲ့တဲ့ ပင်နယ်တီကိုလည်း VAR ပြန်လည်သုံးသပ်ပြီးနောက် ဒိုင်လူကြီးက ပယ်ဖျက်ခဲ့ပါတယ်။

ဒီရှုံးနိမ့်မှုဟာ လီဗာပူးအသင်းအတွက် ဆုဖလားလက်မဲ့ရာသီကို သေချာစေတာဖြစ်ပြီး နည်းပြ  စလော့ရဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်လာစေခဲ့ပါတယ်။

နည်းပြ စလော့ကတော့ ဒီရှုံးနိမ့်မှုအတွက် စိတ်ပျက်မိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

စလော့က "ဒုတိယပိုင်းရဲ့ အခိုက်အတန့်တချို့မှာ ကျနော်တို့သာ ဂိုးတဂိုး သွင်းနိုင်ခဲ့ရင် ဒါဟာ အရမ်းထူးခြားတဲ့ ညတည ဖြစ်လာနိုင်တယ်လို့ ခံစားခဲ့ရတာကြောင့် အရမ်းကို စိတ်ပျက်မိပါတယ်" လို့ ပြောပါတယ်။

ဒါပေမဲ့ သူက အသင်းရဲ့ အနာဂတ်အတွက် အကောင်းမြင်စိတ်ရှိနေဆဲဖြစ်ပြီး ဥရောပချန်ပီယံအသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိတာကို ပြသနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

PSG နည်းပြ လူးဝစ် အန်းရစ်ကတော့ ဒီပွဲဟာ "တကယ်ကောင်းမွန်တဲ့ ဘောလုံးပွဲကစားခဲ့တဲ့ အသင်း ၂ သင်းကြားက ပြင်းထန်တဲ့ပွဲတပွဲ" ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

နည်းပြ စလော့ရဲ့ ဆုံးဖြတ်ချက်တွေထဲမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခါစဖြစ်တဲ့ တိုက်စစ်မှူး အလက်ဇန္ဒား အီဆက်ကို ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့တာက အဓိကဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။

ပွဲမတိုင်ခင်ကတည်းက အီဆက်ဟာ ပွဲတပိုင်းသာ ကစားနိုင်မယ်လို့ နည်းပြက ထုတ်ဖော်ပြောကြားထားခဲ့ပါတယ်။

ပထမပိုင်း ၄၅ မိနစ်အတွင်းမှာ အီဆက်ဟာ ဘောလုံးထိချက် ၅ ကြိမ်သာ ရရှိခဲ့ပြီးနောက် ဒုတိယပိုင်းအစမှာ ဂတ်ပိုနဲ့ လူစားလဲလှယ်ခဲ့ရပါတယ်။ 5 Live မှ ဂျူလီယန် လောရန့်စ်က ဒီလူစာရင်းဟာ လုံးဝအဓိပ္ပာယ်မရှိဘူလို့ ဝေဖန်ခဲ့ပြီး နည်းပြ စလော့ဟာ အသင်းနဲ့ ပရိသတ်တွေကို စိတ်ပျက်စေခဲ့တယ်လို့ ဆိုပါတယ်။

လီဗာပူးကစားသမားဟောင်း စတီဖင် ဝါးနော့ခ်ကလည်း အီဆက်ရဲ့ ခြေစွမ်းကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး သူဟာ "လုံးဝမရှိသလို ဖြစ်နေခဲ့တယ်" လို့ ပြောပါတယ်။

ဝါးနော့ခ်က ဂတ်ပိုဟာ "အီဆက် ပထမပိုင်းတပိုင်းလုံး ကစားခဲ့တာထက် ၅ မိနစ်အတွင်းမှာ ပိုပြီးလုပ်ပြနိုင်ခဲ့တယ်" လို့ ထောက်ပြခဲ့ပါတယ်။

ဒီရာသီမှာ လီဗာပူးလ်အသင်းဟာ စုစုပေါင်း ၁၇ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီးဖြစ်ပါတယ်။ ဥရောပပြိုင်ပွဲကနေ ထွက်ခဲ့ရပြီဖြစ်လို့ လီဗာပူးအသင်းအတွက် အဓိကပစ်မှတ်ဟာ လာမဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြန်လည်ဝင်ရောက်ခွင့်ရဖို့ ပရီးမီးယားလိဂ်မှာ အဆင့် ၅ အတွင်း ဝင်ရောက်ရေး ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ နည်းပြ စလော့အတွက်လည်း သူ့ရဲ့အနာဂတ်ဟာ ဒီအပေါ်မှာ မူတည်နေနိုင်ပါတယ်။

စလော့က လာကတော့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ရင် ဒါဟာ "လုံးဝလက်ခံနိုင်စရာမရှိတဲ့ ရာသီတခု" ဖြစ်လိမ့်မယ်လို့ အရင်ကတည်းက ပြောကြားထားပါတယ်။

ဒါ့အပြင် ဒီပွဲဟာ မိုဟာမက် ဆာလာအတွက် လီဗာပူးကစားသမားဘဝ ချန်ပီယံလိဂ် နောက်ဆုံးပွဲဖြစ်ခဲ့ပြီး ပွဲအပြီးမှာ အန်ဖီးလ်ပရိသတ်ကို နှုတ်ဆက်ခဲ့ပါတယ်။

Source: Sky Sports/BBC 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013