
ထားဝယ်အကျဥ်းထောင်က တပ်ကြပ်တဦးနဲ့ဒုတပ်ကြပ်တဦး အသတ်ခံရပြီး အကျဥ်းသား ၅ ဦး ထွက်ပြေးလွတ်မြောက်သွားတဲ့အပေါ် ထောင်အရာရှိတွေကို စစ်ဆေးနေတယ်လို့ အကျဥ်းဦးစီးဌာနက သိရပါတယ်။
ထားဝယ်အကျဥ်းထောင်မှာ စက်တင်ဘာ ၃၀ ရက်က ထောင်အရာရှိတွေက ထောင်ဝန်ထမ်း ၂ ဦးအား အကျဥ်းသား ၅ ယောက်ကိုခေါ်ပြီး ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့နယ်အစပ်ရှိ ဇီးကျကျေးရွာမှာ ရာဘာထင်းများသွားသယ်ခိုင်းရာမှ အခုလိုသတ်ဖြတ်ခံရတာလို့ ထားဝယ်အကျဥ်းထောင်နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"မနက်ဘက် ကားနဲ့ထွက်သွားတာ ညနေအပြန်မှာ အသတ်ခံရတာ၊ အကျဥ်းထောင်က ၁ ရက်နေ့မှ သိတာ၊ PDF တွေသတ်သွားတာလို့။ ထောင်ဘက်ကကြေးနန်းတင်ပေမဲ့ မရဘူး၊ အကျဥ်းသား ၅ ဦးပျောက်တဲ့ကိစွကို ထပ်ဖြေရှင်းရတယ်၊ အခုမှစစ်ဆေးနေတုန်း။"
မယ်ရှောင်ကျေးရွာ ရေဝိုင်းလမ်းဆုံအနီးမှာ သေနတ်နဲ့ပစ်သတ်ခံရပြီး လက်ပြန်ကြိုးတုပ်လျက်အနေအထားနဲ့ သေဆုံးသွားတဲ့ ထောင်ဝန်ထမ်းနှစ်ဦးမှာ တပ်ကြပ် အောင်ဘိုဘိုထွဋ်နဲ့ ဒုတပ်ကြပ်လွင်ငြိမ်းတို့ဖြစ်တယ်လို့ ဆိုပါတယ်။
"ပြောချင်တာ လုံခြုံရေးအရ တနင်္သာရီတိုင်းက ဂရုစိုက်ရမယ့် ပြည်နယ်နဲ့ တိုင်းထဲမှာပါတယ်။ လုံခြုံရေးမပါဘဲ ခုချိန်မှာသွားခိုင်းတာ ထောင်အရာရှိတွေရဲ့ ပေါ့ဆမှုလို့ ပြောရမယ်။ သေသွားတဲ့သူတွေအတွက်ရော၊ ထွက်ပြေးသွားတဲ့သူတွေအရော စစ်ဆေးနေတယ်" လို့ ထားဝယ်အကျဥ်းထောင်နဲ့နီးစပ်သူတဦးက ရှင်းပြပါတယ်။
ဒီလိုသတ်ဖြတ်ခံရပြီးနောက် စစ်ကောင်စီတပ်အင်အား အများအပြားရောက်လာပြီး မောင်မယ်ရှောင်ကျေးရွာသား ၃ ဦးကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
"စစ်တပ်လာလို့ ကြောက်ပြီးပုန်းနေတဲ့ ၁၄ အရွယ်ကောင်လေးတယောက်ရယ်၊ အမျိုးသားနှစ်ယောက်ရယ် ဖမ်းသွားတာ။"
ထောင်ဝန်ထမ်း ၂ ဦး လုပ်ကြံသတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။
လတ်တလောမှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဥ်းသား ၅ ဦးကို စစ်ကောင်စီတပ်၊ ရဲနဲ့ အကျဥ်းဦးစီးဌာနပေါင်းကာ လိုက်လံရှာဖွေနေပေမဲ့ ပြန်လည်ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။