DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် အိမ်ထောင်စု ၂,၀၀၀ ကျော် ရေဘေးသင့်၊ ၃၃ ခရိုင်၌ မိုးသည်း ရေကြီးရေလျှံသတိပေး
DVB
·
October 2, 2023
ထိုင်းတွင် အိမ်ထောင်စု ၂,၀၀၀ ကျော် ရေဘေးသင့်၊ ၃၃ ခရိုင်၌ မိုးသည်း ရေကြီးရေလျှံသတိပေး
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်းက ဆူခိုထိုင်း ရှေးဟောင်းဒေသမှာ မိုးသည်းလို့ မြစ်ကြောင်းတလျှောက် တာတမံတွေ ကျိုးပျက်ခဲ့ပြီး အောက်တိုဘာ ၂ ရက်မှာ ပြည်နယ်တွင်း အိမ်ထောင်စု ၂,၀၀၀ ကျော် ရေလွှမ်းမိုးတဲ့ဒဏ်ကို ခံခဲ့ရတယ်လို့ ထိုင်းဒုတိယဝန်ကြီးချုပ် ဆွန်မ်ဆက်ခ် ထပ်ဆုထင်က ပြောပါတယ်။

ဆူခိုထိုင်းမြို့ခံတွေကတော့ ဒီရေကြီးမှုဟာ သူတို့ကြုံဖူးသမျှ အဆိုးဆုံးဖြစ်ပြီး ဒီနှစ်မှာတော့ ယုမ်မြစ်မှာ ရေတွေ သိသိသာသာ တက်လာတယ်လို့ ပြောပါတယ်။

ရေကြီးရေလျှံမှုကို ထိန်းထားနိုင်အောင် သဲအိတ်တွေကိုဖြည့်ပြီး သူတို့ရဲ့အိမ်တွေ အပျက်အစီး အနည်းဆုံးဖြစ်အောင် ဆူခိုထိုင်းမြို့ခံတွေနဲ့ တာဝန်ရှိသူတွေက ကူညီပေးခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ မိုးကြီးပြီး မြစ်ရေလျှံနေလို့ အထူးဂရုပြုကြဖို့ ထိုင်းဝန်ကြီးချုပ် ခွန်ဆေထာ ထဝီးဆင်က အောက်တိုဘာ ၁ ရက်မှာ အမိန့်ပေးခဲ့ပါတယ်။

လာမယ့်ရက်တွေမှာ မိုးရွာသွန်းနိုင်ခြေရှိတဲ့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ကိုလည်း ဝန်ကြီးချုပ်က အစိုးရအဖွဲ့ဝင်တွေကို တိုက်တွန်းခဲ့ပါတယ်။

ထိုင်းနိုင်ငံ  ခရိုင် ၃၃ ခုထဲမှာလည်း လာမယ့် ၂၄ နာရီအတွင်း  မိုးသည်းထန်နိုင်တာကြောင့်  ရေကြီးရေလျှံမှု နဲ့ တောင်ကျချောင်းရေတွေ သတိထားဖို့  ထိုင်း မိုးလေဝသနဲ့ ဇလဗေဒဌာနက  အောက်တိုဘာ ၂ ရက် ဒီကနေ့ မနက် ၆ နာရီမှာ ထုတ်ပြန်သတိပေးထားပါတယ်။

မုတ်သုံလေဟာ ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေကို  ဖြတ်သန်းတိုက်ခတ်မယ့်အပြင် အနောက်တောင်မုတ်သုံလေဟာလည်း ကပ္ပလီပင်လယ်ပြင်နဲ့ ထိုင်းပင်လယ်ကွေ့တို့ကို ဖုံးလွှမ်းနေကြောင်း၊ လေဖိအားနည်းရပ်ဝန်းတစ်ခုဟာ ဗီယက်နမ်အလယ်ပိုင်း ကမ်းရိုးတန်းကို ဖုံးလွှမ်းနေတာကြောင့် ဒီလက္ခဏာတွေဟာ တချို့နေရာမှာ မိုးသည်းထန်စွာ ရွာသွန်းစေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းခရိုင်မှာ မိုးသည်းထန်ပြီး ရုတ်တရက် ရေကြီးရေလျှံနိုင်လို့  တောင်စောင်းတောင်ခပန်း၊ ရေလမ်းအနီးနဲ့  အနိမ့်ပိုင်းနေ ပြည်သူတွေအနေနဲ့ သတိထားကြဖို့၊ မိုးကြိုးစက်ကွင်းတွေ မမိအောင် လေဟာပြင်တွေ ရှောင်ရှားဖို့၊  သစ်ပင်ကြီးနဲ့  ကြော်ငြာဆိုင်းဘုတ်တွေ၊ ခိုင်ခံ့မှုမရှိတဲ့ အဆောက်အဦတွေအောက်မှာ နေထိုင်တာကို ရှောင်ရှားဖို့ သတိပေးထားပါတယ်။

ဘင်္ဂလားပင်လယ်အော်နဲ့ ထိုင်းပင်လယ်အော်မှာ လှိုင်းအမြင့် ၁ မီတာ မှ ၂ မီတာထိ မြင့်တက်နိုင်လို့ ပင်လယ်ပြင်ထဲထွက်မယ့်  လှေတွေ သတိထားဖို့၊ မိုးသက်လေပြင်းကြားမှာ လှေထွက်ခြင်းကို ရှောင်ရှားဖို့လည်း သတိပေးထားပါတယ်။ 

မိုးသည်းထန်နိုင်တဲ့ ခရိုင်တွေထဲမှာ ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ လမ်းဖွန်းနဲ့ တာ့ခ်ခရိုင်တွင်း ဒေသရဲ့  ၆၀ ရာခိုင်နှုန်း၊ ထိုင်းအရှေ့မြောက်ပိုင်း ဘင်ကန် ၊ နခွန်းဖနုန်၊ စကွန်းနခွန်း၊ မုတ်တာဟန်၊ ယာ့ဆိုထွန်း၊ အမ်းနတ်ကျရွန်း၊ ဆီစကစ်နဲ့ ဥဘွန်းရာ့ချ်ဌာနီခရိုင်တွင်း ဒေသရဲ့ ၄၀ ရာခိုင်နှုန်းနဲ့ ထိုင်းအလယ်ပိုင်း ကန်ကျနပူရီ၊ ရာ့ချ်ပူရီ၊ အယုဒ္ဓယ၊ နခွန်းပထုန်၊ စမွတ်ဆုန်ခမ်း၊ စမွတ်စခွန်း ခရိုင်တွင်း ဒေသရဲ့ ၆၀ ရာခိုင်နှုန်းပါဝင်ပါတယ်။

ဒါ့အပြင် ထိုင်းအရှေ့ပိုင်း နခွန်းနားယုဒ်၊ ပရာကျင်းပူရီ၊ ဆာကယောက် ၊ လယောင်း၊ ကျန်ထပူရီ ၊ တရတ် ခရိုင်တွင်း ဒေသရဲ့ ၆၀ ရာခိုင်နှုန်း ၊ ထိုင်းတောင်ပိုင်း ကရပီ၊ တရန်း ၊ ဆဒွန်း ၊ ဖူးကက် ၊ ဖန်ငခရိုင်တွင်း ဒေသရဲ့ ၂၀ ရာခိုင်နှုန်း၊ ဘန်ကောက်နဲ့ အနီးတဝိုက်ဒေသမှာတော့ ဒေသရဲ့ ၆၀ ရာခိုင်နှုန်း မိုးရွာနိုင်ပြီး တချို့နေရာမိုးကြီးနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ 

အောက်တိုဘာ ၃ ရက် မှ ၇ ရက်အတွင်း မိုးဆက်ရွာသွန်းနိုင်တယ်လို့  ထိုင်းမိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။ 

Photo- Reuters

Source- Ch3plus/ ထိုင်းမိုးဇလ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013