DVB Logo
Home
မြန်မာသတင်း
မြိုင်၊ အရာတော်နှင့် နွားထိုးကြီးမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ၊ ညောင်လေးပင်တွင် တိုက်ပွဲပြင်းထန်
DVB
·
October 2, 2023
မြိုင်၊ အရာတော်နှင့် နွားထိုးကြီးမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ၊ ညောင်လေးပင်တွင် တိုက်ပွဲပြင်းထန်
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တောင်ရွာကျေးရွာဘက်ကနေ နှောပင်ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာ ၂ ရက် မနက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အများအပြား ဒဏ်ရာရခဲ့တယ်လို့ မြိုင် ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

တိုက်ခိုက်မှုကို MRTF၊ Young Force UG၊ ပခုက္ကူသူရိန်တပ်ဖွဲ့တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့ အဲဒီစစ်ကြောင်းဟာ နှောပင်နဲ့ ဘုန်းကန်ရွာဘက်ကို ရောက်ရှိနေတာကြောင့် ပြည်သူတွေ သတိထားကြဖို့ လိုတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ခြေတော်ရာဘုရားအနီးရှိ စစ်ကောင်စီ ၅၀၀၄ တပ်ရင်း ကင်းစခန်းတခုကို စက်တင်ဘာ ၁ ရက် မနက် ၉ နာရီလောက်မှာ BNRA လက်ရွေးစဥ် ကွန်မန်ဒိုက ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့တယ်လို့ BNRA ပြောရေးဆိုခွင့်ရှိသူ ကိုဆာန်က ပြောပါတယ်။

“ကင်းစခန်းက အလစ်အငိုက် မိသွားတာပါ။ ဝင်ပစ်တဲ့အချိန်မှာ ကင်းစခန်းက သုံးဖက်သုံးတန်ကနေ ပြန်ပစ်ပါတယ်။ ထိတွေ့မှုဖြစ်တဲ့နေရာ ကင်းစခန်းမှာ စစ်သား ၄ ဦးပဲ ရှိတာပါ၊ ၄ ဦးလုံး နေရာတင်သေတာပါ။”

စီးနင်းတိုက်ခိုက်ပြီးနောက် BNRA တပ်ဖွဲ့ဝင်တွေ အူဇီသေနတ် ၂ လက်၊ MA-1 ၁ လက်နဲ့ ခဲယမ်းတချို့ကောက်ပြီး ပြန်ထွက်ခွာချိန်မှာ စစ်ကောင်စီတပ်က နောက်ကနေ စစ်သံချပ်ကာကားအ​ပြင် စစ်ကားတစီးနဲ့ လိုက်လံပစ်ခတ်တာကြောင့် ရဲဘော်တဦး နဖူးရှပ်မှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီကင်းစခန်းဟာ အရာ‌တော်-ရွှေဘိုသွား ကားလမ်းပေါ်က ခရီးသည်တင်ကားတွေနဲ့ ဒေသခံ လိုင်းကားတွေကို ဆက်ကြေးကောက်ခံတာတွေလည်း ပြုလုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံရွာသားတဦးက “ပစ်သံတွေကတော့ ကြားရတယ်။ ဘယ်အဖွဲ့နဲ့ဖြစ်တယ်လို့တော့ အတိအကျ မသိရဘူး။ ဖြစ်တဲ့တိုက်ပွဲကလည်း ခဏလေးရယ်” လို့ ပြောပါတယ်။

ဒီပဲယင်းမြို့နယ်၊ ပျံကျကျေးရွာက ချောင်းစပ်လယ်ကွင်းထဲမှာ စက်တင်ဘာ ၃၀ ရက် ညနေကလည်း စစ်ကောင်စီတပ်သားတွေနဲ့ BNRA တပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က Mi 35 နဲ့ လေကြောင်းပစ်ကူ ၁၀ မိနစ်လောက် လာပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာလည်း အောက်တိုဘာ ၁ ရက်က စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အောင်ချမ်းသာကွက်သစ်မှာ စစ်ကောင်စီတပ်ရဲ့ ဘက်ဖိုးကားတစီးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပုဇွန်မြောင်းဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အောက်တိုဘာ ၁ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ကနေ ညနေ ၅ နာရီကျော်အထိ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ၅ နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်က အနည်းဆုံး ၁၀ ယောက်အထိ ကျဆုံးခဲ့ပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက် ဒဏ်ရာရရှိပေမဲ့ မစိုးရိမ်ရဘူးလို့ ပုဇွန်မြောင်းကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ပျဥ်ရေနဲ့ ဝိုင်ကျေးရွာတွေကို ဆက်သွယ်ထားတဲ့ ကျေးရွာချင်းဆက်လမ်းတွေကို ဖျက်ဆီးဖို့လာတဲ့ စစ်ကောင်စီတပ်ရဲ့ ဘက်ဖိုးတစီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်လာလို့ စက်တင်ဘာ ၂၈ ရက်က စတင်ကာ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က အယောက် ၄၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပေမဲ့ ဒီဗွီဘီက အတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ပုဇွန်မြောင်းကျေးရွာ အပါအဝင် ဆွဲဒလွဲ ကျေးရွာအုပ်စုထဲက ကျေးရွာနေဒေသခံ ထောင်နဲ့ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့  သိရပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့မရဲစခန်းကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရဲ ၅ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

နွားထိုးကြီးမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားရာ မြို့မရဲစခန်းနဲ့ ဆောက်လုပ်ရေးရုံးတို့ကို စက်တင်ဘာ ၂၉ ရက် ည ၉ နာရီလောက်နဲ့ ၃ဝ ရက် မနက် ၁ဝ နာရီလောက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Natogyi Regional Defence Force မြင်းခြံခရိုင် အမှတ်-၈ တပ်ရင်း ပြောရေးဆိုခွင့်ရှိသူက “ပထမတကြိမ်က ၂၉ ရက်နေ့ ည ၉ နာရီလောက်က ဗုံးသီး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တာဗျ။ ဒုတိယအကြိမ်ကတော့ ၃၀ ရက်နေ့ မနက် ၁၀ နာရီ မိနစ် ၂၀ လောက်က ဗုံးသီး ၁ လုံး ချခဲ့တာဗျ။ ဒီကာလမှာတော့ စစ်တပ်နဲ့ ရဲတွေက အမြဲတမ်းလိုလို လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိနေတာပါ။ အဲ့စခန်းမှာက ရဲရော စစ်သားတွေရော ရှိတယ်၊ အင်အားကိုတော့ အတည်မပြုနိုင်ဘူး။ သူတို့ဘက်က သေဆုံးတာတော့ အတွင်းသတင်းပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် မြို့မရဲစခန်းအတွင်းမှာရှိတဲ့ ရဲမိသားစုဝင်တွေ မိတ္ထီလာဘက်ကို ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ နယ်မြေစိုးမိုးမှု မလုပ်နိုင်သေးတဲ့ နေရာတွေမှာ မစ်ရှင်ဖော်ဆောင်ရတာ အခက်အခဲရှိတယ်လို့ Natogyi Regional Defence Force မြင်းခြံခရိုင် အမှတ်-၈ တပ်ရင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“အခက်အခဲကတော့ အမျိုးမျိုးပေါ့ဗျာ၊ သတင်းစီးဆင်းမှုလည်း အားနည်းတယ်လေ။ နယ်မြေစိုးမိုးမှု မရရှိသေးတဲ့နေရာမှာ အလုပ်လုပ်ရတာဆိုတော့ သိပ်မလုံခြုံလှဘူးဗျ။ အဲဒါကြောင့်လည်း အမြန်ဆုံး နယ်မြေစိုးမိုးမှုရရှိအောင် ကျနော်တို့ တပ်ရင်း-၈ NRDF အနေနဲ့ အစွမ်းကုန် ကြိုးစားနေပါတယ်။ ခရိုင်အတွင်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့ကလည်း စစ်ကောင်စီလက်အောက်မှာ နေသားမကျသွားဘဲ အမြဲ ဆန့်ကျင်တော်လှန်စိတ် ထားရှိပေးစေချင်ပါတယ်။ ဒေသခံ ကာကွယ်ရေးတပ်တွေရဲ့ လှုပ်ရှားမှုတွေကို မပေါက်ကြားအောင် နှုတ်လုံပေးရင်ပဲ ကျနော်တို့ အလုပ်လုပ်ရတာ ပိုအဆင်ပြေပါတယ်ဗျ။”

တိုက်ခိုက်မှုတွေကို Natogyi Regional Defence Force မြင်းခြံခရိုင် အမှတ်-၈ တပ်ရင်းနဲ့ Natogyi People Defence Force မြင်းခြံခရိုင် အမှတ်-၄ တပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။

တိုက်ပွဲဖြစ်စဉ်တွေမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013