Home
ဆောင်းပါး
ဘယ်သူ ကျန်သေးလဲ ဟေ့
DVB
·
October 2, 2023

စစ်တပ်သည် သူတို့၏ လူတန်းစားများ တသက်တာလုံး လူပေါ်‌လူဇော် လုပ်ကာ ကြွယ်ဝချမ်းသာရေး အတွက် ရည်ရွယ် တည်ဆောက်ထားသော လူနေမှု အဆောက်အအုံကြီးကို အ‌ ကျောက်အကန် ခုခံကာကွယ်သွားရန် သန္နိဋ္ဌာန်ချထားပြီး ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ တချိန်လုံး ဖုံးကွယ်ထားသော ဖက်ဆစ်နာဇီ အစွယ်များ တဖွေးဖွေး ပေါ်လာရခြင်းလည်း ဖြစ်ပေသည်။ ငရဲခွေးကို စီး၍ ဖက်ဆစ် ဖြစ်လာကြသည်။

ယင်းနှင့် အတူ ပြည်သူများသည်လည်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ထိုဖက်ဆစ်နာဇီ အစွယ်များ၏ တဖြောင်းဖြောင်း ဝါးမျိုခြင်းကို ခံလာနေရပြီ ဖြစ်သည်။

မင်းအောင်လှိုင် ဦးဆောင်သော စစ်ဗိုလ်ချုပ်များ အာဏာသိမ်းပြီးနောက်တွင် မိမိတို့ အခြေအနေသည် ပိုနေမြဲ ကျားနေမြဲ ပါဟု ပြောနိုင်သူ တဦးတလေမျှ မကျန်တော့လောက်အောင် နည်းမျိုးစုံဖြင့် တဖြည်းဖြည်း ဒုက္ခပေးလာပြီ ဖြစ်သည်။

၎င်းတို့၏ ကုန်ဈေးနှုန်းများ ကျဆင်းရေးဆိုကာ လူဖမ်းပွဲကြီး လုပ်လာပြီး ဆန်၊ ဆီများကို ၎င်းတို့ ပြောသည့် ဈေးနှင့် မဖြစ်မနေ ရောင်းရမည်ဟု အတင်းအကျပ်လုပ်လာခဲ့သည်။

ထိုသို့ ကမောက်ကမ အစီအစဉ်များကြောင့် ဒုက္ခရောက်လာမည့် လူတန်းစားတရပ် ထွက်ပေါ်လာပြန်သည်။ ထိုလူတန်စားသည်က လူထု၏ ကျေးဇူးရှင်များဟု ပြောစမှတ်ပြုကြသည့် တောင်သူလယ်သမားထုကြီးပင် ဖြစ်သည်။

ဆန်ဈေးများ အတင်းအကျပ် သတ်မှတ်လိုက်ခြင်းကြောင့် လယ်သမားများထံမှလည်း မည်ရွေ့မည်မျှ ဈေးနှင့်  ဝယ်ယူရမည်ဆိုကာ ပြီးခဲ့သည့် အပတ်အတွင်း အမိန့်ထုတ်ပြန်လာခြင်းကြောင့် ဝယ်ဈေးသည်လည်း ကျဆင်းသွားခဲ့ရပြီ ဖြစ်သည်။ ယခုအခါ လယ်သမားများသည် ဓာတ်မြေဩဇာ အပါအဝင် အခြားသော ကုန်ကျစရိတ်များကြောင့် ဝမ်းစာဖူလုံရုံမျှသာ ကျန်တော့မည်ဟု ဧရာဝတီ သတင်းတွင် ဖော်ပြထားသည်။

၎င်းတို့ လယ်သမားများထံမှ ဝယ်ယူရန် သတ်မှတ်ထားသော ဈေးနှုန်းသည် ဧည့်မထနှင့် ငစိန်ဆန်  တင်းလျှင် ကျပ် ၁၃ သိန်းမှ ၁၅ သိန်း အကြား ဖြစ်သည်။ ဧရာဝတီ ပေါ် ဆန်းမွှေးနှင့် ဧရာဝတီ ပဒေသာတို့အတွက် ၁၆ သိန်း မှ ၁၆ သိန်း အထိ ဖြစ်ပြီး ရွှေဘို ပေါ်ဆန်းမွှေးကိုမူ ၁၈ သိန်းမှ သိန်း ၂၀ အထိ သတ်မှတ်လာသည်။ ထိုဈေးနှုန်းထက် ပိုပေးပြီး မဝယ်ရဟုလည်း ဆိုသည်။

ဧရာဝတီတိုင်းမှ လယ်သမားတဦးက တဧက လျှင် တင်း ၅၀ သာ ထွက်သော သူ့အဖို့ ခုနှစ်သိန်းသာ ရတော့မည် ဟု ဆိုသည်။ တဧကအတွက် ကုန်ကျစရိတ်သည် အလုပ်သမားခ မပါ တဧကလျှင် ကျပ် ငါးသိန်းခန့် ကုန်ကျနေသည်ဟုလည်း ညည်းတွားခဲ့သည်။ မိုးကြီးသဖြင့် စပါးအထွက်နှုန်းလည်း ကျဆင်းမှုနှင့် ကြုံနေကြရသည်။

လယ်ယာ အလုပ်သမား ဆို၍လည်း မင်းအောင်လှိုင် ကောင်းမှုကြောင့် အားကောင်းမောင်သန် မှန်သမျှ အားလုံးပြည်ပတွင် သွားရောက် လုပ်ကိုင်နေကြရသူများနှင့် တော်လှန်ရေးတွင် ပါဝင် တိုက်ခိုက်နေကြသူများကြောင့် အင်မတန်မှ ရှားပါးနေပြီ ဖြစ်သည်။

တကယ်တမ်းတွင် ဆန်ဈေးနှုန်းများ မြင့်တက်သွားခဲ့သော်လည်း ကုန်သည်များက လယ်သမားများထံ ကောက်ယူသော ဈေးသည် ဒုံရင်း ဒုံရင်းမျှသာ ဖြစ်သည်ဟု ဆိုသည်။ ယခင်က ကြမ်းခင်းဈေးသာ သတ်မှတ်ပေးခဲ့ရာမှ ယခုအခါ ၎င်းတို့ သတ်မှတ်ဈေးထက် ပိုမဝယ်ရ ဖြစ်လာသည်။

ဈေးနှုန်းတင်းကျပ်လာသည့်အပြင် ဆန်များကို နယ်ကျော် သယ်ခွင့်မပြုရန်လည်း အစစ်အဆေးများ ပြုလုပ်လာနေသည်။

အလုပ်သမားများ ကြည့်ပြန်လည်း ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံသူများထံမှ အခွန်ငွေများ အဆမတန် ကောက်ခံလာကြသဖြင့် ထိုအရင်းရှင်များသည် ပြည်တွင်း အလုပ်သမားများ၏ လုပ်အားခများအား ဈေးနှိမ် ခိုင်းစေလာကြပြန်သည်။

၎င်းပေးသမျှ ကျွေးသမျှနှင့် ကျွန်ယုံကျွန်ကောင်းများပမာ အမှုတော် ထမ်းနေသူများလည်း ရမ်းကားလာနေသည့် မင်းအောင်လှိုင်ကြောင့် ငါတို့အလှည့် ဘယ်တော့ရောက်လာလေမလဲဟု အထိတ်တလန့်ဖြင့် နေထိုင်နေကြရရှာသည်။

မင်းအောင်လှိုင်သည် ပြည်တွင်းရှိ လူများအား နည်းမျိုးစုံဖြင့် ဒုက္ခပေးနေရုံဖြင့် အားမရသေးဘဲ ၎င်းနှင့် မိုင်ထောင်ချီဝေးသော အရပ်တွင် ရိုးသားစွာ လုပ်ကိုင် နေကြသူများ၏ ချွေးနှဲစာထဲမှ ၁၀ ရာခိုင်နှုန်းအား သူ့ထံ အခွန်ဆက်သရမည်ဟု အောင်လင်းဒွေးနှင့် မဟုတ်တော့ဘဲ ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး အမိန့်တော် ထုတ်ပြန်လာပြန်သည်။

ယခင် ဗိုလ်သန်းရွှေလက်ထက်က ထိုသို့ ကောက်ခံခဲ့ပြီး၊ နောက်ပိုင်း အရပ်သား အစိုးရ ဖြစ်လာသည့်အခါ ပယ်ဖျက်ပေးခဲ့သည်။ ဗိုလ်သန်းရွှေလက်ထက်က စင်္ကာပူတွင် နေထိုင်သူများ အတွက် လစာ မည်မျှပင် ရစေကာမူ တလ ဒေါ်လာ ၁၅၀ ဖြင့် သတ်မှတ်ပေးခဲ့ဖူးသည်။

မိမိ စင်္ကာပူတွင် နေထိုင်စဉ် ထိုသို့ ကောက်ခံသည်ကို တပြားတချပ်မှ မပေးဘဲ နေခဲ့သော်လည်း မြန်မာပြည် ပြန်ရမည့် အရေးနှင့် ကြုံလာခဲ့ရသည်က ကျွန်တော်သည် သံရုံးသို့ ပြေး၍ သုံးနှစ်စာ တပေါင်းတစည်းတည်း ဒေါ်လာငါးထောင် ပေးခဲ့ရသည်၊ ကုမ္ပဏီမှ ချေးငှားပြီး ယူလာသော ကျွန်တော့်ငွေများကို ရေတွက်နေသော သံရုံးဝန်ထမ်းက “ခင်ဗျားတို့ နောက်ဆို ပုံမှန်ဆောင်ကြဗျာ၊ အခု ကျွန်တော်တို့ ခင်ဗျား ပိုက်ဆံရေရတာ လက်ညောင်းနေပြီ” ဟု ပြောခဲ့၍ သူ့ကိုပင် ထပြီး နှိပ်ပေးရမလို ဖြစ်ခဲ့ဖူးသည်။ ထိုသို့ မဆောင်လျှင် ကျွန်တော်အဖို့ ပြည်တော်ဝင်ခွင့် မရ၍ ယခုလို ပမာမခန့် ပြောလာသည်ကိုပင် အောင့်အည်း နားထောင်ခဲ့ရဖူးသည်။

ယခုအခါတွင် ဟန်ပင်မဆောင်နိုင်လောက်အောင် ငွေကြေးများ ပြတ်လပ်လာနေသော မင်းအောင်လှိုင်သည် ယခင်ကလို စင်္ကာပူတွင် ဒေါ်လာ ၁၅၀၊ ကနေဒါတွင် ဒေါ်လာ ၅၀ ဟူ၍ သတ်မှတ်ပေးတော့မည် မဟုတ်၊ မူရင်းလစာကို အထောက်အထားနှင့် တင်ပြခိုင်းပြီး အတိအကျ တွက်ချက်ယူတော့မည် ဖြစ်သည်။ သူ့အဖို့က ဝင်ငွေလည်းရ၊ သူ့အတွက် ဖယ်ထားရသဖြင့် တော်လှန်‌ရေး အားလည်း မထောက်ပံ့နိုင်တော့ တချက်ခုတ် နှစ်ချက်ပြတ် အဆင်ပြေနေပေသည်။

မြန်မာနိုင်ငံသားများအဖို့က ၎င်းတို့ နေထိုင်ရာ နိုင်ငံ၏ အခွန်လည်း ပေးဆောင်ရသည့်အပြင် မင်းအောင်လှိုင်အတွက်လည်း တလလျှင် ၎င်းတို့ ရသည့်အထဲမှ ၁၀ ရာခိုင်နှုန်း လစဉ် ပြန်ပို့ပေးရဖို့ ဖြစ်လာသည်။ ထို့အတွက် Double Taxation ဒဏ်ကို ခံကြရတော့မည် ဖြစ်သည်။ ရလာသော နိုင်ငံခြားငွေများကိုလည်း တိုင်းပြည်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဘက်တွင် သုံးမည် မဟုတ်ဘဲ သူ၏ စစ်ရန်ပုံငွေ war chest အတွက် သုံးမည်ကား မြေကြီးလက်ခတ် မလွဲပင်။

ယခုအခါ စစ်ကောင်စီအား ပြန်လည်ဖွဲ့စည်းခဲ့ရာ မိုးမြင့်ထွန်းနှင့် စိုးထွဋ် တို့ ပါမလာတော့သည့် အတွက် မင်းအောင်လှိုင်၏ ဖြုတ်ထုတ် ထောင်ချ စစ်ဆေးခံနေရသည့် သတင်းသည် အတည်ဖြစ်သွားခဲ့ပေပြီ။

ထိုသို့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဒုက္ခပေးလာနေသည့် အကြမ်းဖက် အုပ်စိုးသူ လူတစုအား လက်နက်စွဲကိုင် ပုန်ကန်ခြင်းသည် မဖြစ်မနေ လုပ်ကို လုပ်ရမည် ဖြစ်ကြောင်း တနေ့တခြား ထင်ရှားလာနေပြီ လည်း ဖြစ်သည်။

ယင်းနှင့် ပတ်သက်၍ ဆရာ ဗန်းမော် တင်အောင်၏ “သူပုန်ကြီး” စာအုပ်၏ နိဒန်းတွင် ရေးသားခဲ့သည်ကို ပြန်လည် မျှဝေလိုပါသည်။

“ရှေးပဝေသဏီခေတ် ပဒေသရာဇ် သက်ဦးဆံပိုင် ဘုရင်များ လက်ထက်အခါ ကာလမှစ၍ ယနေ့အထိ မိမိတို့၏ လွတ်လပ်ရေးနှင့် လုံခြုံစွာ အသက်ရှင်နေထိုင်နိုင်ရေးအား အဆက်မပြတ် ခြိမ်းခြောက်နေခဲ့သော အုပ်စိုးသူ လူတန်းစားတစု၏ ညှဉ်းပန်း ဖိနှိပ်မှုများအား လည်းကောင်း၊ ချုပ်ချယ်သတ်ဖြတ်မှုများအား လည်းကောင်း၊ အဘယ်သော ကာလကမျှ ခေါင်းငုံ့ခံမနေပဲ အမြဲတစေ သူရသတ္တိရှိရှိနှင့် ထကြွတော်လှန်တိုက်ခိုက်၍ မိမိတို့၏ လွတ်လပ်ရေးနှင့် ဘဝလုံခြုံမှုကို ကာကွယ်ထိန်းသိမ်းခဲ့ကြသည့် ဗမာအမျိုးသားများ၏ မွန်မြတ်လှသော အကြောင်းခြင်းရာကို ဂုဏ်ပြုလိုက်ပါသည်။”

လူသည် မိမိ၏ ကံကြမ္မာကို မိမိသာလျှင် ဖန်တီးနိုင်၏၊  မိမိကံကြမ္မာကို မိမိဘာသာ မဖန်တီးနိုင်သူမှာ လူမဟုတ်၊ ညံ့ဖျင်းသော သတ္တဗေဒ သတ္တဝါ တဦးသာ ဖြစ်လိမ့်မည်ဟု စကားပုံတရပ်က ဆိုသည်။ ဆရာဗန်းမော်တင်အောင်သည် မြန်မာ တမျိုးသားလုံးအား ညံ့ဖျင်းသော သတ္တဗေဒ စာရင်းထဲ ထည့်သွင်းခဲ့ခြင်း မရှိ ဆိုသည်ကား သူ၏ စကားရပ်က သက်သေခံနေပေပြီ။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

လှစိုးဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024