DVB Logo
Home
မြန်မာသတင်း
ရုရှားစစ်ရေးလေ့ကျင့်မှုကတဆင့် မြန်မာစစ်တပ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို   အာဆီယံက ပံ့ပိုးပေးနေ
DVB
·
October 2, 2023
ရုရှားစစ်ရေးလေ့ကျင့်မှုကတဆင့် မြန်မာစစ်တပ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို   အာဆီယံက ပံ့ပိုးပေးနေ
Donate to DVB

ရုရှားနိုင်ငံမှာ ပြုလုပ်နေတဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးစစ်ရေးလေ့ကျင့်မှုကနေတဆင့် အာဆီယံဟာ မြန်မာစစ်တပ် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို  ပံ့ပိုးကူညီနေတယ်လို့  Justice For Myanmar အဖွဲ့က အစီရင်ခံစာထုတ်ပြန် ပြောကြားလိုက်ပါတယ်။

အာဆီယံနိုင်ငံတွေဟာ “အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး” ခေါင်းစဥ်အောက်ကနေ မြန်မာစစ်တပ်ကို စစ်ရေးလေ့ကျင့်မှုတွေမှာ ပံ့ပိုးကူညီပေးအပ်ခဲ့တာကြောင့် စစ်အုပ်စုကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ သူတို့ရဲ့ ပါဝင်ပတ်သက်နေမှုကို ပိုမိုရှုပ်ထွေး နက်ရှိုင်း သွားစေတယ်လို့ Justice For Myanmar ကဆိုပါတယ်။ 

စက်တင်ဘာ ၂၅ ရက်ကနေ ၃၀ ရက်နေ့အထိ  ရုရှားနိုင်ငံအရှေ့ပိုင်းခရိုင် စစ်ဒေသ Primorsky Krai က လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်ခဲ့ကြတဲ့ အာဆီယံစစ်ရေး လေ့ကျင့်မှုမှာ  တပ်ဖွဲ့ဝင် ၇၀၀  ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့  ရုရှားနိုင်ငံပိုင် မီဒီယာတွေက ဖော်ပြပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုအစီအစဥ်မှာ စစ်အုပ်စုလက်နက်တိုက်တွေက စစ်လက်နက်တွေကို အသုံးပြုပြီး ပြည်သူတွေအပေါ် အကြမ်းဖက်မှုကျူးလွန်ရာမှာ အသုံးပြုနိုင်တဲ့ နည်းဗျူဟာလေ့ကျင့်မှုတွေ ပါဝင်နေသလို စစ်ရေးလေ့ကျင့်မှုရဲ့ အစိတ်အပိုင်းတခု အဖြစ် သဏ္ဍာန်တူပုံဖော်ထားတဲ့ အကြမ်းဖက်သမားတွေကို တိုက်ခိုက်ဖို့ စစ်ရေးလေ့ကျင့်ခန်းကို ပူးပေါင်းပါ၀င်တဲ့ နိုင်ငံတွေက နိုင်ငံစုံတိုက်ခိုက်ရေးအဖွဲ့တွေက  လေ့ကျင့်ခဲ့ကြတာလို့ ဆိုပါတယ်။

အိန္ဒိယ၊ တရုတ်၊ လာအို၊ မြန်မာနဲ့ ရုရှားတို့က တပ်ဖွဲ့ဝင်တွေ၊ ယန္တရား တပ်တွေ ပေါင်းစပ်လေ့ကျင့်ခဲ့တာကိုတွေ့ရပြီး လေ့ကျင့်မှုထဲမှာ တင့်ကားတပ်တွေရဲ့  ပံ့ပိုးကူညီမှုနဲ့ သဏ္ဍာန်တူ  အကြမ်းဖက်သမားတွေ ကြိုတင်ပြင်ဆင်ထားတဲ့ အမာခံနယ်မြေတွေကို T-80BVM တင့်ကားတွေ၊ ၁၂၀-မမ Sani မော်တာလက်နက်ကြီးစနစ်တွေ၊ ဒရုန်းနဲ့ ရဟတ်ယာဉ်တွေ အကူအညီနဲ့ ပိတ်ဆို့ဖျက်ဆီးတာ၊ ရှင်းလင်းတာတွေလည်း ပါဝင်နေတယ်လို့ Justice For Myanmar အဖွဲ့ရဲ့ အစီရင်ခံစာမှာ ပြောပါတယ်။ 

အဲဒီနောက် Ka-52 “Alligator” ရဟတ်ယာဉ်တွေ၊ Su-25 “Rook” တိုက်လေယာဉ်တွေ က လေယာဉ်ပစ်ဒုံးကျည်၊ ဗုံးတွေနဲ့ အလွတ်တမ်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ကျေးရွာအတွင်း အကြမ်းဖက်နှိမ်နင်းမှု လေ့ကျင့်ခန်းတွေကို လေ့ကျင့်ခဲ့ကြကာ အဆိုပါ စစ်ရေး လေ့ကျင့်မှုမှာ ပါဝင်တဲ့ နိုင်ငံတွေက တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရေး အတွေ့အကြုံတွေ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း အစီရင်ခံစာက ညွှန်းဆိုထားတယ်လို့ ဆိုပါတယ်။

ဒါဟာ အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်သူတွေနဲ့ အရပ်ဘက် အဆောက်အဦတွေကို အရပ်ဘက်၊ စစ်ဘက် ခွဲခြားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေ ကျူးလွန်နေတဲ့ နောက်ခံအခြေအနေကို မျက်ကွယ်ပြု ဆန့်ကျင်ပြီး အာဆီယံက စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပေးနေတာလို့လည်း Justice For Myanmar အဖွဲ့က ပြောပါတယ်။ 

ဒါ့အပြင် စစ်အုပ်စုက “အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး” ဆိုတဲ့ အကြောင်းပြချက် ခေါင်းစဥ်အောက်ကနေ အကြမ်းဖက်မှုတွေကို ကျူးလွန်နေပြီး ဥပမာအားဖြင့် စစ်အုပ်စု ဝါဒဖြန့်သတင်းမှာ သူတို့လေတပ်က အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ ကလေးသူငယ်တွေ အပါအဝင် လူပေါင်း ၁၆၈ ယောက် ထက်မနည်း သေဆုံးခဲ့ရတဲ့ ပဇီကြီးကျေးရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ခုခံကာကွယ်ဖို့ “အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေး” ခေါင်းစဉ်တပ်ခဲ့တာဖြစ်ပါတယ်။

ADMM မှာ မြန်မာစစ်တပ်ရဲ့ ပါဝင်မှုက စစ်အုပ်စုရဲ့ လက်နက်နဲ့ ပစ္စည်းကိရိယာတွေ လက်လှမ်းမီဖို့၊ စစ်ရေးစွမ်းရည်တွေ တည်ဆောက်ဖို့၊ စစ်လက်နက်ထုတ်လုပ်ရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ နိုင်ငံတကာမှာ တရားဝင်မှုကို လွဲမှားစွာ ရရှိစေဖို့တို့ကို အထောက်အကူဖြစ်စေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

အာဆီယံရဲ့ သံတမန်ရေး၊ စစ်ရေး၊ နည်းပညာ၊ ငွေကြေးနဲ့ ထောက်လှမ်းရေးဆိုင်ရာ ပံ့ပိုးကူညီမှုတွေက စစ်အုပ်စုရဲ့ အပြစ်ပေးခံရခြင်းမှ လုံး၀ကင်းလွတ်ကာ ကျူးလွန်နေတဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို အားပေး ထောက်ခံနေတာမို့ အဲဒီအချက်က အာဆီယံဘုံသဘောတူညီချက် ၅ ရပ် လို့ လူသိများတဲ့ “မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးအစီအစဥ်”ကို ပျက်ပြားစေခဲ့တယ်လို့လည်း Justice For Myanmar အဖွဲ့က ပြောပါတယ်။ 

ဒါကြောင့်မို့ အာဆီယံက ရေတပ်ဦးစီးချုပ်များ အစည်းအဝေးကို ဦးဆောင်နေတဲ့ ရေတပ်ဦးစီးချုပ်မိုးအောင်ကို ထုတ်ပယ်တာ အပါအဝင် ADMM လှုပ်ရှားမှုအားလုံးကနေ စစ်အုပ်စုကို ချက်ချင်း တားမြစ်ရမှာဖြစ်ပြီး အဲဒီလိုဆောင်ရွက်ဖို့ ပျက်ကွက်ပါက အာဆီယံအဖွဲ့ဝင်တွေနဲ့ ဆွေးနွေzက်နိုင်ငံတွေအနေနဲ့ စစ်အုပ်စု ပါဝင်မယ့် လုပ်ဆောင်ချက်တွေနဲ့ ပလက်ဖောင်းတွေအားလုံးကို တက်ရောက်ဖို့ ငြင်းဆိုသင့်တယ်လို့ ဆိုပါ တယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအစိုးရတွေအနေနဲ့လည်း မြန်မာစစ်တပ်ရဲ့ ရန်ပုံငွေ၊ လက်နက်၊ စက်ကိရိယာတွေနဲ့ လေယာဉ်လောင်စာဆီ အထောက်အပံ့လမ်းကြောင်းတွေကို ပိတ်ဆို့ထားဖို့၊ ပစ်မှတ်ထား ပိတ်ဆို့အရေးယူ ဆောင်ရွက်မှုတွေ အမြန်ဆုံးချမှတ်ကာ မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာရာဇ၀တ်ခုံရုံးဆီ လွှဲပြောင်းပေးရမယ်လို့လည်း Justice For Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013