DVB Logo
Home
မြန်မာသတင်း
နွေဦးတော်လှန်ရေး CDM သူရဲကောင်းများအတွက် ဆောင်းဦးလှိုင် ဂုဏ်ပြုသီချင်းသစ် (ရုပ်သံ)
DVB
·
October 2, 2023
နွေဦးတော်လှန်ရေး CDM သူရဲကောင်းများအတွက် ဆောင်းဦးလှိုင် ဂုဏ်ပြုသီချင်းသစ် (ရုပ်သံ)
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေး စတင်ချိန်ကတည်းက ခုချိန်ထိတိုင် စစ်အာဏာရှင်ကို အာဏာဖီဆန် ဆန့်ကျင်တွန်းလှန်ရာမှာ ဒုက္ခဆင်းရဲခံပြီး ဆက်လက်ပါဝင်နေကြဆဲ ဖြစ်ကြတဲ့ CDM သူရဲကောင်းတွေအတွက် အဆိုတော် ဆောင်းဦးလှိုင်က ဂုဏ်ပြုသီဆိုထားတဲ့ သီချင်းသစ်တပုဒ် အခုရက်ပိုင်း ထွက်ရှိလာပါတယ်။

“For CDM Heroes” လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ဆောင်းဦးလှိုင်ကိုယ်တိုင် ရေးသားသီဆို တီးခတ်ထားပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ကတဆင့် ခုလိုရေးသားမျှဝေထားခဲ့တာကို တွေ့ရပါတယ်။

“ခက်ခဲပင်ပန်းကြမ်းတမ်းစွာ ဘဝကို ကျော်ဖြတ်နေရတဲ့ CDM ကျောင်းဆရာ တယောက်ရဲ့  အရေးတော်ပုံကြီးအပေါ်ထားတဲ့ သစ္စာဟာ အလေးပြုကြဖို့ ကောင်းလွန်းလို့ ဒီ post ကို shareပါ။ ကူညီနိုင်သူတွေက တိုက်ရိုက် ဆက်သွယ် ကူညီကြပါ။ သူတို့ဟာ အခြား CDM ဝန်ထမ်းများကိုပါ နိုင်သလောက် ဖေးမနေကြသူတွေ ဖြစ်ကြောင်း အများသိ စေအပ်ပါသည်။”

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူ ထားခဲ့တဲ့ ကာလဟာ ၂ နှစ်ခွဲနီးပါးထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံ ရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းလာနေခဲ့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်တွေကို  စစ်တပ်က ဖမ်းဆီး အာဏာသိမ်းယူလိုက်ပြီး နောက်တနေ့မှာပဲ ဆေးလောကသားတွေကစတင်ခဲ့တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ကို နိုင်ငံတဝန်းမြို့တွေမှာ ဌာနပေါင်းစုံ ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင် လှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။

CDM ဂုဏ်ပြုတေးသီးချင်းထဲမှာတော့ “မငိုပါနဲ့… စိတ်ဓာတ်ကျလို့ မငိုပါနဲ့… မပြိုပါနဲ့… အခက်အခဲများကြောင့်တော့ မပြိုယိုင် နဲ့… တခါတလေမှာ ကြိုးစားတိုင်းလည်း မဖြစ်ဘူးကွယ်… လူဆိုတာ လွယ်လွန်းအား ကြီးရင် တန်ဖိုးမဲ့… အရွဲ့မတိုက်နဲ့… ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး… လူတချို့ရဲ့ ပြောတဲ့စကားကြောင့် တို့အိပ်မက်တွေ လွှတ်ချဖို့ မလိုဘူး… မနာလိုသူများထဲ… ကူညီ သူရှားမယ်… စေတနာထား ရိုးသားတဲ့သူ မတွေ့လည်းပဲ…”စတဲ့ စာသားတွေနဲ့ ရေးဖွဲ့သီဆိုထားပါတယ်။  

အဆိုတော် ဆောင်းဦးလှိုင်ဟာ လတ်တလောမှာတော့ ပြည်ပမှာ နေထိုင်နေပြီး ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့အတူ ဂီတလှုပ်ရှားမှုတွေ ဆက်လက်ပြီးတော့ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ 

၁၉၈၉ ခုနှစ်လောက်က စတင်ပြီးတော့ တေးရေးဆရာတဦးအနေနဲ့ မြန်မာ့ဂီတ လောကထဲကို ရောက်ရှိလာခဲ့တဲ့ ဆောင်းဦးလှိုင်ဟာ ၁၉၉၃ ခုနှစ်မှာတော့ ‘မင်းရဲ့သူရဲကောင်း’ တကိုယ်တော်တေးအယ်လ်ဘမ်နဲ့ အောင်မြင်တဲ့အဆိုတော် တယောက်အဖြစ် ပရိသတ်တွေက လက်ခံအားပေးခဲ့ကြတာ ဖြစ်ပါတယ်။        

သူဟာ ဆေးပညာဘွဲ့ရတဦးလည်းဖြစ်ပြီး နောက်ပိုင်းမှာတော့ ကိုယ်တိုင်ရေးသားပြီး ကိုယ်တိုင်သီဆိုခဲ့တဲ့ တကိုယ်တော်တေးအယ်လ်ဘမ်ပေါင်း ၁၀ ချပ်ထက်မနည်း ထွက်ရှိခဲ့ပါတယ်။        

တကိုယ်တော်သီဆိုမှုတွေအပြင် ထရေစီနဲ့ တခြား အဆိုတော်တွေပါ ပါဝင်ဖွဲ့စည်းထားတဲ့ ‘ခရီးသွားငါးယောက်’ ၊ တေးသံရှင် စည်သူလွင်၊ အဲလက်စ်တို့နဲ့ သီဆိုအောင်မြင်ခဲ့တဲ့ ‘19.18’ အယ်လ်ဘမ်တွေမှာပါ ပရိသတ်တွေကြား ဆယ်စုနှစ်နဲ့ချီ နေရာယူနိုင်ခဲ့တာ ဖြစ်ပါတယ်။  

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းမှာတော့ ဆောင်းဦးလှိုင်ဟာ တေး သီချင်းထုတ်လုပ်မှုတွေကို ရပ်နားထားခဲ့ပြီး ဆယ်စုနှစ်အကြာ ၂၀၁၇ မှာတော့ ‘ကမ္ဘာ့စံချိန်’ မီနီအယ်လ်ဘမ်ကို ထွက်ရှိခဲ့တာပါ။ 

အဲဒီနောက် ကြားကာလ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD အစိုးရကို ထောက်ခံအားပေးတဲ့ တေးသီချင်းတွေကို ရေးသားခဲ့ပြီး ‘မေမေနိုင်မှ ဖြစ်မှာပါ’ ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ်နဲ့ ဖိနှိပ်ခံကာလတုန်းကအခြေအနေကို ခံစားရေးဖွဲ့ခဲ့ပြီး နီနီခင်ဇော်သီဆိုခဲ့တဲ့ ‘မျှော်လင့်ချက် တစုံတရာ’သီချင်းတွေဟာလည်း အောင်မြင်ခဲ့တဲ့ တေးသီချင်းတွေ ဖြစ်ခဲ့ပါတယ်။    

ဒါ့အပြင် ဆောင်းဦးလှိုင်ဟာ လတ်တလော မြန်မာ့နွေဦးတော်လှန်ရေးကာလမှာလည်း တတ်စွမ်းတဲ့အနုပညာနဲ့ ရန်ပုံငွေဂီတဖျော်ဖြေပွဲတွေ ပြုလုပ်ကာ တဖက်တလမ်းကနေ ပါဝင်နေတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013