DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသားများ ထိုင်းတွင်ကွန်ဒိုဝယ်ယူမှု ယခင်ထက် သိသိသာသာများလာ
DVB
·
October 1, 2023
မြန်မာနိုင်ငံသားများ ထိုင်းတွင်ကွန်ဒိုဝယ်ယူမှု ယခင်ထက် သိသိသာသာများလာ
Donate to DVB

ထိုင်းနိုင်ငံက အဆင်မြင့်ကွန်ဒို ဝယ်ယူကြတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင်ငံသားတွေလည်းပါဝင်နေပြီး ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အထိ ကွန်ဒိုအခန်းပေါင်း ၁၈၀ ကျော်၊ ကာလတန်ဖိုး ဘတ်ငွေ ၁,၂၇၄ သန်းလောက်အထိ ဝယ်ယူထားတယ်လို့ ထိုင်းစီးပွားရေးသတင်းတွေမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံသားတွေဟာ အနိမ့်ဆုံး ထိုင်းဘတ်ငွေ ၂ သန်း (မြန်မာငွေ သိန်း ၂,၀၀၀ လောက်) ကနေ အမြင့်ဆုံး ဘတ် ၇ သန်းတန်လောက်အထိ ကွန်ဒိုအခန်း ဝယ်ယူကြတယ်လို့ ထိုင်းအခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။

၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းကစလို့ မြန်မာနိုင်ငံမှာ စီးပွားရေးကျဆင်းတာနဲ့ ကျပ်ငွေ တန်ဖိုး လျော့တာကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတချို့ ထိုင်းမှာ ကွန်ဒိုတွေ အများဆုံး ဝယ်လာကြတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။

ထိုင်းအခြေစိုက် အိမ်ခြံမြေအကျိုးဆောင်တယောက်က “ရင်းနှီးမြှုပ်နှံတဲ့ အကြောင်းရင်းကတော့ ငွေကြေးတွေအကုန်လုံးကို တနေရာတည်းမှာ ထားတာထက် စာရင် ပျမ်းမျှအကုန် ဖြန့်ကျက်ထားချင်တဲ့သဘောလို့ ကျနော် မြင်ပါတယ်။ အများဆုံး ဝယ်တာဆိုရင် ဘတ် ၃ သန်း၊ ၄ သန်း ပတ်ချာလည် အများဆုံးဝယ်တယ်။ နေရာအများစု မြန်မာတွေကြိုက်တာတော့ ပလက်သူနန်း ဧရိယာရယ်၊ Asoke ဧရိယာရယ်၊ များသောအားဖြင့် CBD နေရာတွေ ကြိုက်တယ်။ Common Business District လို့ ခေါ်တဲ့ မြို့လယ်ခေါင်နေရာတွေ ကြိုက်ကြတယ်။ မြို့လယ်ခေါင်နေရာတွေ ဦးစားပေး ဝယ်ကြတယ်။ သယ်ယူပို့ဆောင်ရေးကောင်းတဲ့နေရာတွေ၊ ပြန်ရောင်းရင် မြတ်မယ့် နေရာတွေ ဝယ်ကြတယ်။ တချို့ကျ ဝယ်လိုက် ရောင်းလိုက်လုပ်ပြီး ပြန်လည်ပတ်နေတဲ့ သူတွေလည်း ရှိတယ်" လို့ ပြောပါတယ်။

အခွန်အခ နည်းတာ၊ ပေးရတဲ့ငွေကြေးနဲ့ ရတဲ့ဝန်ဆောင်မှု များပြားတာ၊ နိုင်ငံခြားသား လာရောက်မှု များတာကြောင့် အငှားဈေးကွက် ခိုင်ခိုင်မာမာ ရှိတာ စတဲ့ အချက်တွေကြောင့် မြန်မာတွေ ထိုင်းနိုင်ငံမှာ ကွန်ဒိုအဝယ်များကြတာလို့ အကျိုးဆောင်တွေက ပြောပါတယ်။

အဓိကအားဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မှာ မြန်မာတွေဟာ ကွန်ဒို အများဆုံးဝယ်ကြပြီး၊ အခြား ဖူးခက်၊ ပတ္တယားနဲ့ ချင်းမိုင် စတဲ့ နေရာတွေမှာလည်း ဝယ်ယူကြတယ်လို့ ကွန်ဒို အရောင်းအဝယ် လုပ်သူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ကွန်ဒို ဝယ်ယူကြတဲ့ နိုင်ငံခြားသားတွေထဲမှာ တရုတ်နိုင်ငံသား အများဆုံးဖြစ်ပြီး၊ ဒုတိယ နေရာမှာ ရုရှား၊ တတိယနေရာမှာ အမေရိကန်၊ စတုတ္ထနေရာမှာ အင်္ဂလန်နဲ့ မြန်မာနိုင်ငံက ပဉ္စမနေရာမှာ ရှိနေပါတယ်။

ထိုင်းနိုင်ငံက ကွန်ဒိုအရောင်း အေဂျင်စီတခုက "အဓိက ဝယ်နေတာ မြန်မာပြည်ထက်စာရင် ဈေးက အရမ်းကွာမနေတော့လေ။ အခွန်တွေဘာတွေလည်း အများကြီးမရှိတော့ အဲဒါကြောင့် ဝယ်နေတဲ့အနေအထားရှိတယ်။ နောက်တော့ ဒီမှာ ကျောင်းလာတက်တာ ဆေးခန်းလာပြတာ စသဖြင့် တော်တော်များများက ဒီဘက်မှာ လာနေကြတော့ ပုံမှန်လေး ရောင်းနေရတယ်။ မြန်မာနဲ့ ထိုင်းက အရမ်းကပ်နေတာကိုး။ သွားရေးလာရေးလည်း အဆင်ပြေတယ်။ ပညာရေးရော ကျန်းမာရေးရော ဒီဘက်ကို အဓိက လာနေရသလိုဖြစ်နေတော့ အဲအချက်တွေကြောင့်ပေါ့။ ဒီမှာ မဖြစ်မနေ နေရတော့မယ်ဆို အိမ်က ဝယ်ရတော့မယ်ဆိုတော့ လာဝယ်ကြတာပေါ့။ မနေရင်တောင် ပြန်ငှားစားလို့ရတယ်လေ။ အငှားဈေးကွက်ကလည်း ကောင်းတော့ လာဝယ်ကြတယ်။ မြန်မာပြည်ရဲ့ ကွန်ဒိုတွေကလည်း ၄၊ ၅ ထောင် ပေးရတယ်လေ။ အဲတော့ အများအားဖြင့် ဝယ်နိုင်ကြတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

မနှစ်ကတော့ နိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံမှာ အဆင်သင့်ပြောင်းလို့ရတဲ့ ကွန်ဒိုအခန်း အမျိုးအစားကို အများဆုံး ဝယ်ကြပြီး ဒီနှစ်မှာတော့ မြန်မာအပါအဝင် နိုင်ငံခြားသားတွေဟာ Pre sale ကြိုပွိုင့် အခန်းတွေ ပိုဝယ်လာကြတယ်လို့ အိမ်ခြံမြေ အရောင်းအဝယ် လုပ်သူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ နှစ်အလိုက် ကွန်ဒိုအခန်းတွေ ဝယ်ယူခဲ့တဲ့ အရေအတွက်က ၂၀၁၈ မှာ အခန်းပေါင်း ၄၈ ခန်း၊ ၂၀၁၉ မှာ ၅၄ ခန်း၊ ၂၀၂၀ မှာ ၂၆ ခန်း၊ ၂၀၂၁ မှာ အခန်းပေါင်း ၃၀ ရှိခဲ့ပြီး ၂၀၂၂ မှာ မြန်မာတွေ ဝယ်ယူခဲ့တဲ့ အခန်း အရေအတွက် ၁၈၈ ခန်းအထိ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တနှစ်တာအတွင်း ထိုင်းနိုင်ငံက ကွန်ဒိုအခန်းတွေကို အများဆုံး ဝယ်ယူခဲ့ကြတဲ့ နိုင်ငံပေါင်း ၁၀ နိုင်ငံ စာရင်းမှာ မြန်မာက အဆင့် ၇ နေရာမှာ ရှိခဲ့ပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013