ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်၊ အောက်ပုဇွန်တောင်လမ်းက AMT ဂက်စ်ဆိုင်မှာ စက်တင်ဘာ ၃၀ ရက် မနေ့ မနက်ပိုင်းက မီးလောင်ခဲ့ပြီး လူ ၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာမီးသတ်ဌာချုပ်က ပြောပါတယ်။
ဂက်စ်ဆိုင်မီးလောင်နေတာကို မနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ သတင်းရရှိတာကြောင့် ပုဇွန်တောင်မြို့နယ်မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီးနဲ့ အရပ်ဘက်အသင်းတွေက ထွက်ခွာငြှိမ်းသတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “ဂက်စ်အိုးအကြီးကနေ အသေးကို ဂက်စ်ဖြည့်ရင်း ထလောင်တာ။ ခြေထောက်တွေ မီးဟပ်ခံရပြီး အသားလန်သွားတာ၊ ဆိုင်ဝန်ထမ်းတွေပါပဲ။ ဆိုင်နောက်ဘက်ခန်းတော့ ပျက်စီးမှု အနည်းငယ်ရှိပါတယ်” လို့ ပြောပါတယ်။
ဂက်စ်ဆိုင်ရဲ့အနောက်ဘက်မှာ ဆိုင်ဝန်ထမ်းတွေက ဂက်စ်အိုးလဲလှယ်ရာကနေ ပိုက်ပြုတ်သွားလို့ မီးလောင်ခဲ့တာဖြစ်ပြီး အသက် ၁၈ နှစ်၊ အသက် ၂၀ နှစ်၊ အသက် ၂၄ နှစ်၊ အသက် ၂၉ နှစ်အရွယ် ဆိုင်ဝန်ထမ်းအမျိုးသား ၄ ယောက်မှာ ခြေထောက် ၂ ဖက် မီးလောင်ဒဏ်ရာနဲ့ အသက် ၂၄ အရွယ် ဆိုင်ဝန်ထမ်းအမျိုးသမီးမှာတော့ ဘယ်လက်မောင်းနဲ့ ဘယ်ဘက်ဒူးခေါင်း မီးလောင်ဒဏ်ရာရရှိခဲ့ပါတယ်။
မီးသတ်တပ်ဖွဲ့ရဲ့ ငြှိမ်းသတ်မှုကြောင့် မနက် ၉ နာရီ ၄၇ မိနစ်လောက်မှာ မီးငြိမ်းသွားပြီး ဂက်စ်ဆိုင်ပိုင်ရှင် အမျိုးသားကို ပုဇွန်တောင်မြို့နယ်ရဲက အမှုဖွင့်အရေးယူထားပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့ကလည်း ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား ၂ ရပ်ကွက်၊ အင်းယားမြိုင်လမ်းက လူနေ ၂ ထပ်တိုက်မှာ မီးလောင်ခဲ့ပြီး သားအမိ ၂ ယောက် သေဆုံးခဲ့ပါတယ်။