DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်အစိုးရတရပ် ပေါ်ပေါက်လာရေး ကြိုးပမ်းနေ
DVB
·
October 1, 2023
ချင်းပြည်နယ်အစိုးရတရပ် ပေါ်ပေါက်လာရေး ကြိုးပမ်းနေ
Donate to DVB

၂၀၂၃ ခုနှစ်မတိုင်ခင်မှာ ချင်းပြည်နယ်အစိုးရတစ်ရပ် ပေါ်ပေါက်လာဖို့အတွက် ချင်းပြည်ကောင်စီညီလာခံကို မကြာခင်မှာ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိအချိန်မှာ ချင်းပြည်ဖွဲ့စည်းပုံရေးဆွဲရေးက ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီလို့ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဒီဗွီဘီကို ပြောပါတယ်။

ချင်းပြည်နယ်အစိုးရတရပ် ပေါ်ပေါက်လာရေးအတွက် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီကနေ ဆောင်ရွက်နေရာမှာ တစ်ဆို့မှုတချို့ ရှိနေတာကြောင့် ချင်းပြည်ကောင်စီဖွဲ့စည်းရေး ဆောင်ရွက်ခဲ့တာလို့လည်း CNF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF အပြင် ချင်းပြည်နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်တွေနဲ့ မြို့နယ်နဲ့ ဒေသအခြေပြုအဖွဲ့စည်းတွေရဲ့ကိုယ်စားလှယ်တွေ အပါအဝင် စုစုပေါင်း ၁၀၈ ယောက်က စက်တင်ဘာ ၇ ရက်ကနေ ၉ ရက်အထိ ချင်းပြည်ကောင်စီ ညီလာခံဖြစ်မြောက်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီအစည်းအဝေးမှာ ချင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့၊ ချင်းပြည်ကောင်စီဖွဲ့စည်းဖို့နဲ့ ဥပဒေပြုရေးအုပ်ချုပ်ရေးနဲ့တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်ထူထောင်ဖို့အတွက် ညီလာခံတစ်ရပ် ခေါ်ယူကျင်းပရေး သဘောတူခဲ့ကြတာပါ။

စစ်တပ်အာဏာသိမ်းပြီးတဲ့ အချိန်ကတည်း ချင်းပြည်နယ်မှာ ကြားကာလချင်းပြည်နယ် အစိုးရဖွဲ့စည်းနိုင်ဖို့ ချင်းအင်အားစုတွေကြား ညှိနှိုင်းဆောင်ရွက်ခဲ့ကြပေမဲ့ ဒီကနေ့အချိန်ထိ ချင်းပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုတဲ့ အစိုးရတစ်ရပ်ကိုဖွဲ့စည်းနိုင်ခဲ့ခြင်း မရှိပါဘူး။

အဲဒီကာလတွေအတွင်းမှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ ချင်းပြည်နယ်မှာရှိနေတဲ့ အရပ်ဖက်အဖွဲ့အစည်းနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာပါဝင်တဲ့သူတွေ နိုင်ငံရေးပါတီတွေ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေပါတဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကိုသာ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အဲဒီကောင်စီကနေ ချင်းအမျိုးသားတပ်ဦး (CNF)နဲ့ အဖွဲ့ဝင်တတတချို့က နုတ်ထွက်သွားခဲ့တာကြောင့် ပြည်နယ်အစိုးရတစ်ရပ်ပေါ်ပေါက်ရေး ဆွေးနွေးမှုတွေက ရှေ့ ဆက်မရဘဲ ရပ်တန့်နေခဲ့တာပါ။

ကြားကာလအစိုးရတစ်ရပ်ပေါ်ပေါက်ဖို့အတွက် CNF အပါအဝင် ချင်းပြည်နယ်အတွင်းမှာရှိတဲ့ လက်နက်ကိုင်အင်အားစုတွေက စစ်ရေးအရပူးပေါင်းဖွဲ့စည်းထားတဲ့ ချင်းဒေသကာကွယ်ရေး လက်နက်ကိုင်အဖွဲ့များပူးပေါင်းကော်မတီ (CJDC) မှာလည်း ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ပေမဲ့ အားလုံးပါဝင်မှုအားနည်းမှုတွေရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေကြောင့် နှောင့်နှေးမှုတွေရှိခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဒေသအခြေပြု အုပ်ချုပ်ရေးအဖွဲ့တွေ အားလုံးပါတဲ့ ချင်းပြည်ကောင်စီကိုဖွဲ့စည်းဖို့ ဆောင်ရွက်ခဲ့ကြတာပါ။

ချင်းပြည်နယ်အစိုးရတစ်ရပ်ပေါ်ပေါက်ရေးအတွက် ချင်းပြည်ကောင်စီဖွဲ့စည်းမှုနဲ့ပတ်သက်ပြီး ဆွေးနွေးမှုမှာ ဖလမ်းမြို့နယ်က ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ (CNO/CNDF) နဲ့ ဇိုမီးဖက်ဒရယ်ယူနီယံ ZFU အဖွဲ့တွေ မပါဝင်ခဲ့ပါဘူး။

အဲဒီအပြင် ချင်းပြည်ကောင်စီဖွဲ့စည်းမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ကြားမှာလည် လက်ရှိအချိန်ထိ သက်ဆိုင်ရာအစုအဖွဲ့တွေအကြား  ညှိနှိုင်းသဘောတူညီမှုမရှိသေးဘူးလို့ ICNCC အဖွဲ့ဝင်တချို့က  ဒီဗွီဘီကို ပြောပါတယ်။

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC နဲ့ ချင်းပြည်ကောင်စီအကြား ဆက်လက်ဆောင်ရွက်မယ့်ကိစ္စတွေက ညှိနှိုင်ဖို့ရှိပေမဲ့ လက်ရှိမှာ ညီလာခံဖြစ်မြောက်ရေးကြိုး စားဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့် မလုပ်ဆောင်နိုင်သေးတာဖြစ်သလို နောက်အစည်းအဝေးတွေမှာလည်း အခုကျန်နေသေးတဲ့ ၂ ဖွဲ့ တက်ရောက်နိုင် ဖို့အတွက် ရှင်းလင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေရတယ်လို့ ချင်းပြည်ကောင်စီ ညီလာခံ ဖြစ်မြောက်ရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ  ဒေါက်တာ Naing Tam Maung က ပြောပါတယ်။

ချင်းပြည်ကောင်စီညီလာခံ ဖြစ်မြောက်ရေးကော်မတီ လက်ရှိအချိန်ထိ ပြည်ထောင်စုအဆင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC မှာ ချင်းပြည်နယ်ကို ကိုယ်စားပြုပြီး ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC က ဆွေးနွေးနေတာပါ။

ချင်းပြည်ကောင်စီပေါ်ပေါက်လာခဲ့ရင်တော့ NUCC အနေနဲ့ ဘယ်အစုအဖွဲ့က ပါဝင်သင့်တယ် မပါဝင်သင့်ဘူးဆိုတာကို စဉ်းစားဆုံးဖြတ်မှာမဟုတ်ဘဲ အချင်းချင်း ပြန်လည်ညှိနှိုင်းဖြေရှင်းခိုင်းတဲ့ နည်းလမ်းပဲရှိတယ်လို့ NUCC မှာ ပါဝင်တဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေး အထွေထွေ သပိတ်ကော်မတီ GSC အဖွဲ့ဝင်က ပြောပါတယ်။

ချင်းပြည်နယ်တခုလုံးမှာ အာဏာသိမ်းစစ်တပ်ကို ပြန်လည်ခုခံတော်လှန်နေတဲ့ လက်နက်ကိုင် တပ်ဖွဲ့ ၁၈ ဖွဲ့ရှိပြီး ဒီကနေ့အချိန်ထိ တပ်ဖွဲ့ဝင် ၃၀၀ ထက်မနည်းသေဆုံးခဲ့ပြီး ဖြစ်သလို ပြည်သူ သိန်းနဲ့ချီပြီး နေရပ်စွန့်ခွါ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

အောင်သူ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013