DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ကန့်သတ်အလုပ်များလုပ်သည့် နိုင်ငံခြားသားအလုပ်သမား ဖမ်းဆီးရမိမှုတွင် မြန်မာ အများဆုံးပါဝင် 
DVB
·
October 1, 2023
ထိုင်းတွင် ကန့်သတ်အလုပ်များလုပ်သည့် နိုင်ငံခြားသားအလုပ်သမား ဖမ်းဆီးရမိမှုတွင် မြန်မာ အများဆုံးပါဝင် 
Donate to DVB

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေ ဝင်ရောက်လုပ်ခွင့်မရှိလို့ ကန့်သတ်ထားတဲ့ အလုပ်တွေမှာ လုပ်ကိုင်တဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို ဖမ်းဆီးခဲ့ရာ မြန်မာအလုပ်သမားတွေ အများဆုံး ပါဝင်နေတယ်လို့ ထိုင်းအလုပ်သမားဦးစီးဌာနရဲ့ ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစလို့ ဒီနှစ် စက်တင်ဘာလ ၂၅ ရက်အထိ ထိုင်းနိုင်ငံတွင်းက လုပ်ငန်းခွင်ပေါင်း ၅၀၀၀၀ ကျော်မှာ ဝင်ရောက်စစ်ဆေးခဲ့ရာ ရွှေ့ပြောင်းလုပ်သား ၃၄၆၄ ယောက်က ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ 

အဲဒီထဲမှာ မြန်မာလုပ်သား ၁၈၅၀ နဲ့ ကမ္ဘောဒီးယား ၆၃၆ ယောက်၊ လာအိုက ၅၆၂ ယောက်၊ ဗီယက်နမ် ၁၄၅ ယောက်နဲ့ တခြားနိုင်ငံသားတွေလည်း ပါဝင်ပါတယ်။

အခုလို ရွှေ့ပြောင်းအလုပ်သမားတွေကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးလာတာဟာ ဒီနှစ်မှာ ထိုင်းနိုင်ငံရေး အလှည့်အပြောင်းကြောင့်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

Myanmar Humanitarian Action Center (MHAC) ဦးဆောင်သူ ကိုရဲမင်းက "မြန်မာနိုင်ငံသားတွေက ထိုင်းနိုင်ငံမှာဆိုရင် ထိုင်းလူမျိုးတွေ မလုပ်ချင်တဲ့ အလုပ်ကြမ်းတွေသာ လုပ်ကိုင်ခွင့်ရှိတယ်။ အားလုံး အလုပ်အမျိုးအစားပေါင်း ၃၀ ကျော်ရှိတယ်။ အဲ့ထဲမှာ သူတို့ ကန့်သတ်ထားတဲ့ အလုပ်တွေ လုပ်ကိုင်နေတာရှိတယ်။ ကိုယ်ပိုင်ဈေးဆိုင် ဖွင့်ထားတာတို့၊ ကိုယ်ပိုင်အလုပ် လုပ်တာတို့ ဒါတွေက ဟိုးအရင်ကတည်းက မြန်မာပြည်သားတွေက နားလည်မှုနဲ့ လုပ်ကိုင်စားသောက်နေကြတာလေ။ အဲဒါကို ထိုင်းအစိုးရသစ် တက်ပြီးနောက်ပိုင်းမှာ တင်းတင်းကျပ်ကျပ် ဖမ်းဆီးလာတဲ့ပုံစံလို့ သုံးသပ်လို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဈေးဆိုင်တွေမှာ ဈေးရောင်းနေတဲ့ အလုပ်သမားတွေတောင် ဖမ်းဆီးတာတွေရှိတယ်။ မြန်မာပြည်သား ဈေးဆိုင် ရောင်းခွင့်မရှိဘူး။ ဈေးဆိုင်ပိုင်ရှင် ဖြစ်ခွင့်မရှိဘူးဆိုတာ မှန်တယ်။ တချို့ဆိုင်တွေမှာ အလုပ်သမားအဖြစ် ဝင်လုပ်ကိုင်တာတွေရှိတယ်။ အဲ့လိုလူတွေပါ ဈေးရောင်းတယ်ဆိုပြီး ဝင်ဖမ်းဆီးတာတော့ မဖြစ်သင့်ဘူး"လို့ ဒီဗွီဘီကို ပြောပါတယ်။

အဖမ်းခံရသူတွေထဲက ၁၆၀၀ ကျော်ဟာ ရွှေ့ပြောင်းလုပ်သားတွေ အလုပ်လုပ်ခွင့် မရှိတဲ့ လုပ်ငန်းခွင်တွေမှာ ဝင်ရောက် လုပ်ကိုင်နေကြသူတွေပါ။ ထိုင်းနိုင်ငံ ဘန်ကောက်၊ နွန်ထဘူရီ၊ ချင်းမိုင်၊ ချွန်ဘူရီ၊ နခွန်းပထုံနဲ့ ရနောင်းတို့မှာ ဖမ်းဆီးတာတွေအများဆုံးရှိခဲ့တာလို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ထိုင်းလူမျိုးတွေ မလုပ်ချင်တဲ့ အလုပ်ကြမ်းတွေဘဲ လုပ်ကိုင်ခွင့်ရှိပြီး ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားတွေကို လုပ်ကိုင်ခွင့်မပေးတဲ့ အလုပ်ပေါင်း ၄၀ ကျော်ရှိပါတယ်။

ကန့်သတ်ထားတဲ့ အလုပ်တွေဟာ ဈေးရောင်းတာ၊ ဈေးဆိုင်ဖွင့်တာ၊ စားသောက်ကုန်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလမ်းညွှန်၊ အလှပြင်ဆိုင်၊ ထိုင်းရိုးရာအနှိပ်ပညာနဲ့ ပန်းချီ ပန်းပု စတဲ့ အနုပညာအလုပ်တွေလည်း ပါဝင်ပါတယ်။

အခုလိုမျိုး နိုင်ငံခြားသားရွှေ့ပြောင်း လုပ်သားတွေကို လုပ်ခွင့်မပေးထားတဲ့ အလုပ်အကိုင်တွေမှာ မြန်မာရွှေ့ပြောင်း လုပ်သားတွေ လုပ်ကိုင်နေတာ နှစ်ကာလကြာမြင့်နေပေမယ့် အခုလို ဖမ်းဆီးတာက စီမံချက်အရ ထိုင်းနိုင်ငံရေးရဲ့ ပရိယာယ်လို့ အလုပ်သမားအရေးအဖွဲ့တွေက မှတ်ချက်ပေးပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက "ထိုင်းနိုင်ငံမှာ ကိုဗစ်ကာလ ပြီးတဲ့နောက်မှာ မိခင်ထိုင်းနိုင်ငံသားတွေနဲ့အပြိုင် လုလုပ်သလို ဖြစ်နေတဲ့ လုပ်ငန်းတွေဆိုတာလည်း ဒေသဆိုင်ရာရဲတွေကို လိုင်းကြေး လစဉ်ကြေးပေးပြီး လုပ်ကိုင်နေတာပါ။ မိခင် ထိုင်းနိုင်ငံသား သက်ဆိုင်ရာ ရဲအမျိုးမျိုးကလည်း လိုင်းကြေး ရတဲ့အတွက် မသိကျိုးကျွန်ပြုပြီးကာမှ စီမံချက်အရ ဖမ်းတာက ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးမာယာ ပရိယာယ်ဖြစ်တယ်။ ရွှေ့ပြောင်းလုပ်သား ဝင်ငွေရှာတယ်၊ အလုပ်လုပ်တယ် တခုတည်း မဟုတ်ဘဲနဲ့ ထိုင်းနိုင်ငံရဲ့ အလှည့်အပြောင်း မာယာ လှည့်ကွက်တွေကို အကဲခတ်ပြီး တစေ့တစောင်း လေ့လာပြီး မိမိတို့ လျှောက်ရမယ့် လမ်းကြောင်းကို သေချာ လျှောက်ပါ။ ထိုင်းနိုင်ငံရဲ့ အလှည့်အပြောင်းကို သေချာလေ့လာပေးပါ"လို့ ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ ခွင့်ပြုချက်မရှိဘဲ တားမြစ်ထားတဲ့ အလုပ်တွေ လုပ်ကိုင်ရင် ထိုင်းဘတ်ငွေ ၅၀၀၀ ကနေ ၅၀၀၀၀ အထိ ဒဏ်ကြေး ပေးဆောင်ရနိုင်ပြီး မိခင်နိုင်ငံကို ပြန်ပို့ခံရနိုင်သလို ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့် ၂ နှစ် ကန့်သတ်ခံရနိုင်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင်ရော တရားမဝင်ပါ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားအရေအတွက် ၄ သန်းကနေ ၅ သန်းကြားရှိတယ်လို့ ထိုင်းရောက် အလုပ်သမားအရေး ဆောင်ရွက်သူတွေက ခန့်မှန်းထားပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013