DVB Logo
Home
မြန်မာသတင်း
ကျုံဒိုးတိုက်ပွဲတွင် စစ်ကောင်စီဘက်က အယောက် ၄၀ ခန့်သေဆုံး
DVB
·
September 30, 2023
ကျုံဒိုးတိုက်ပွဲတွင် စစ်ကောင်စီဘက်က အယောက် ၄၀ ခန့်သေဆုံး
Donate to DVB

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ စက်တင်ဘာ ၂၀ ရက်ကနေ ၂၆ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့လို့ စစ်ကောင်စီဘက်က အယောက် ၄၀ ဝန်းကျင် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ပြောပါတယ်။ 

စက်တင်ဘာ ၂၀ ရက်နေ့က ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းစံပြကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဂဠုန်စစ်ကြောင်း မိုင်းထုတ်လုပ်ရေးအဖွဲ့က တီထွင်ထုတ်လုပ်ထားတဲ့ ၅ ကီလိုဂရမ် ဖျက်အားပြင်း ဗုံးသီးကို ဂဠုန်စစ်ကြောင်း  GD2- Drone Force အဖွဲ့က ကြဲချတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းဆောင်ဟောင်း ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက် သေဆုံး ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ ပြန်လည် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဂဠုန်စစ်ကြောင်းပြောရေးဆိုခွင့်ရှိသူက “စကခ ၁၂ က ဦးစီးပြီး လာတာ။ ခလရ ၂၃၀၊ ခလရ ၂၀၈၊ ခမရ ၅၄၅၊ ခမရ ၅၄၆ က တပ်ရင်းတွေနဲ့ပါ။ စက်တင်ဘာ ၂၆ ရက်နေ့အထိ တိုက်ပွဲဖြစ်ပြီး သူတို့ဗျူဟာမှူးကိုယ်တိုင် ထွက်ပြေးသွားခဲ့ပါတယ်။ ထွက်ပြေး တာကိုလည်း ဗွီဒီယိုမှာ တွေ့နိုင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စက်တင်ဘာ ၂၂ ရက်နေ့မှာ စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ် အမှတ် ၁၂ က ဗျူဟာမှူးအဆင့်ရှိသူ ကိုယ်တိုင်လာရောက်ခဲ့ပြီး ငါးတိုင်တောင်ပြ၊ ခုနစ်တိုင်လမ်းဆုံ၊ တောင်ကြာအင်းရဲစခန်း၊ မြောက်ကြာအင်းတံတားထိပ် စကစကင်းနဲ့ တောင်ကြာအင်း စံပြကျေးရွာမှာ အင်အားဖြည့် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်‌နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က အရာရှိ‌တွေ အပါအဝင် ၃၈ ယောက် သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာရရှိခဲ့ကာ ဟိုက်ဂျက်ကား ၁ စီးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တောင်ကြာအင်းစံပြကျေးရွာ စာသင်ကျောင်းမှာ အခိုင်အမာ ခံစစ်ပြင်နေရာယူတပ်စွဲတာ၊ ဆင်နှစ်ကောင်ဘုန်းကြီးကျောင်းအတွင်း ဒေသခံတွေကို လူသားဒိုင်းအဖြစ်အသုံးပြု တပ်စွဲတာ‌တွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်တွေက တောင်ကြာအင်းစံပြကျေးရွာနဲ့ နောင်တလာ ကျေးရွာထဲကို ရမ်းသန်းပစ်ခတ်ခဲ့တဲ့အတွက် တောင်ကြာအင်းစံပြကျေးရွာနဲ့ နောင်တလာ ကျေးရွာက အပြစ်မဲ့ ဒေသခံပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ကာကွယ်ရေး တပ်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာနဲ့ပတ်သက်ပြီး စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်အမှတ် ၁၂ က စကခမှူးနဲ့နည်းဗျူးဟာ ၁၊ ၂၊ ၃ က ဗျူဟာမှူးတို့ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ ဆက်သွယ်လို့ မရသေးတဲ့အတွက် ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013