DVB Logo
Home
ဆောင်းပါး
ဧရာဝတီ၊ မဲခေါင်ပေါ်က လွင့်မျောနေသော တိမ်တိုက်များ
DVB
·
May 2, 2026
ဧရာဝတီ၊ မဲခေါင်ပေါ်က လွင့်မျောနေသော တိမ်တိုက်များ
Donate to DVB

လေယာဉ်ခရီးစဉ်နံပါတ်..၀၉၇၂။

SK ဘိုးရင်းဂျက်လေယာဉ်ကြီးထဲ ကျနော်ဝင်လာတော့ လာအိုက လာခဲ့စဉ်တုန်းကလို ပြတင်းပေါက်ဘေးက ထိုင်ခုံတွင် ထိုင်ခွင့်ရပြန်သည်။ ထို့ကြောင့် ကျေနပ်သွားရ၏။

သို့သော် ဒွန်မောင်းလေဆိပ်၏ ပြင်ပအနေအထားကိုမူ မြင်ခွင့်မရနိုင်ခဲ့ပါ။ မိမိ စီးနင်းလိုက်ပါရမည့် လေယာဉ်ကြီးကိုလည်း အပြင်ဘက်က ကြည့်ခွင့်မရခဲ့ပါ။ ကျနော် စီးနင်းလိုက်ပါရမည့် လေယာဉ်က လေယာဉ်ပေါ်မတက်ခင် ခဏထိုင်စောင့်ရသည့်အခန်းနှင့် တေ့ဆက်ပြီး နေရာယူလိုက်သောကြောင့် ဖြစ်သည်။

ထို့နောက် ခရီးသည်များ အားလုံး ဥမင်လိုဏ်ခေါင်းလို (Tube) ကြီးထဲကတဆင့် လေယာဉ်ကြီးထဲ တန်းပြီး ဝင်ရောက်လာခဲ့ကြရ၏။ ထို့ကြောင့် ကျနော့်မှာ ဘေးပတ်ဝန်းကျင်ကို မြင်ခွင့်မရနိုင်တော့ဘဲ လေယာဉ်ကြီးထဲ ရောက်လာခဲ့ရ၏။

ကျနော်လိုက်ပါရမည့် အခန်းတွင် ခရီးသည် ၁၀၀ ကျော်ခန့် ရှိမည်ဟု ခန့်မှန်းကြည့်မိသည်။ တဦးနှင့်တဦး စကားတွေ ဆူညံစွာ ပြောနေကြ၏။ လူတွေကလည်း ဟိုဒီ သွားလာရင်း ပစ္စည်းတွေ ထားကြ တင်ကြရင်း ရှုပ်ယှက်ခတ်နေသည်။

လူသွားလမ်းကလေးနှစ်ခုက အလယ်တွင် ခရီးသည်များ ထိုင်ခုံတန်းများကို ခွကာ မျဉ်းပြိုင် ရှိနေသည်။ ကျနော်က လက်ဆွဲပစ္စည်းများ ထည့်သိုရန် အကန့်ထဲ လက်ဆွဲသေတ္တာငယ်ကို သိမ်းထားလိုက်ပြီး ထိုင်ခုံဘေးက ပြတင်းပေါက် အဖုံးလေးကို ဆွဲမလိုက်သည်။ အပြင်ဘက်ကို မြင်ရပြီ ဖြစ်သဖြင့် ကျေနပ်သွားရပြန်သည်။ အပြင်ဘက် လေယာဉ်ကွင်းထဲတွင် မီးရောင် တလက်လက်နှင့် လေယာဉ်တချို့ ရပ်နားထားသည်ကို တွေ့ရသည်။ ဂရုတစိုက် လိုက်ကြည့်မည် ရှိစဉ် လေယာဉ်က စက်နှိုးပြီး လေယာဉ်ပြေးလမ်းပေါ် တက်လာနေပြီ ဖြစ်သည်။

လေယာဉ်မယ်တဦးက ခါးပတ် ပတ်ထားကြရန် နှိုးဆော်သည်။ တချို့ခရီးသည်တွေကို လေယာဉ်မယ်က ဝိုင်းကူပြီး ခါးပတ် ပတ်ပေးနေသည်။

ကျနော်က ပြတင်းပေါက်မှတဆင့် အပြင်ဘက်ကို မြင်နိုင်သမျှ မြင်အောင် အာရုံစိုက်ပြီး ကြည့်သည်။ ပြေးလမ်းမပေါ် အရှိန်အဟုန်မြှင့်ပြီး ပြေးနေသော လေယာဉ်ကြီးက ငြိမ့်ကနဲ တချက် မော့ကာ လေထဲသို့ တိုးဝင်လိုက်လေသည်။ အရှိန်ပြင်းပြင်းနှင့် ပြေးလာနေခဲ့သဖြင့် ရောင်စုံမီးများမှာ နောက်တွင် မျဉ်းကြောင်းများ ဆွဲထားသလို ကျန်ရစ်နေခဲ့ကြ၏။

တရိပ်ရိပ်နှင့် အမြင့်ကို တက်လာနေစဉ် အောက်ကို ကျနော် ငုံ့ကြည့်သည်။ မီးရောင်စုံ ထွန်းညှိထားသော ဘန်ကောက်မြို့ကြီးကို အမှောင်ထုကြီးထဲ လှမ်းမြင်နေရသည်။ အနက်ရောင် ကတ္တီပါစကြီးပေါ်တွင် တောက်ပသော ရောင်စုံကျောက်များ ကြဲပက်ထားသလို ဖြစ်နေသည်။ မည်သည့်လမ်း မည်သည့်အဆောက်အအုံကိုမျှ သဲသဲကွဲကွဲ မမြင်ရတော့။ ညသန်းခေါင်အချိန်မို့ ကောင်းကင်ကြီးသည်လည်း ပိန်းပိတ်အောင် မှောင်မည်းနေလေသည်။

ခန်းမကြီးရဲ့ထိပ် တီဗွီဖန်သားပြင်ပေါ်တွင် လေယာဉ်ခရီးစဉ် လမ်းကြောင်းပြမြေပုံကို ဖော်ပြနေသည်။ လေယာဉ် စတင်ထွက်ခွာခဲ့ရာ ဒွန်မောင်းလေဆိပ်နှင့် လက်ရှိ လေယာဉ် ရောက်ရှိနေရာ အကွာအဝေး။ လက်ရှိ လေယာဉ် ဖြတ်ကျော်မောင်းနှင်နေသည့် ဒေသ။ လေယာဉ်ကြီး၏ အတွင်း အပြင် အပူချိန်နှင့် အမြင့်ပေတို့ကို ဖော်ပြပေးနေလေသည်။

ခဏအကြာတွင် ခရီးစဉ်ပြ လေယာဉ်လမ်းကြောင်းကလေးမှာ မျက်စိရှေ့မှောက်မှာတင် မြန်မာပြည်ပေါ် ရောက်လာခဲ့သည်။ မော်လမြိုင်နှင့် ရန်ကုန်မြို့ကြားလောက်မှ ဖြတ်ကာ ရခိုင်ရိုးမနှင့် ချင်းတောင်တန်းများဆီ ဦးတည်နေလေသည်။

ကျနော်က ဖြစ်နိုင်လျှင် အမှောင်ထုကြီးကို လက်ဖြင့် ဆွဲဖယ်ပစ်လိုက်ချင်သည်။ ကျနော့်အထင် လေယာဉ်ကြီးမှာ ဧရာဝတီမြစ်ကြီးပေါ် ဖြတ်ကျော်သွားနေလောက်ပြီဟု တွေးသည်။ ဧရာဝတီမြစ်ကြီးကို အမြင့်ပေါ်က ဆီးမိုးပြီး ကြည့်လို့ရသည့် မြင်ကွင်းကို တမ်းတမိသည်။ သို့သော် ဘယ်လိုမှ ကြည့်မြင်လို့ မရနိုင်ခဲ့ပါ။ ကျနော်က ဧရာဝတီမြစ်ကြီးပေါ်က တိမ်တိုက်များကိုလည်း စိတ်ကူးနှင့် ပုံဖော်ကြည့်ပြန်သည်။

ကျနော်တို့ စီးနင်းလိုက်ပါလာသည့် လေယာဉ်ကြီး၏ အောက်တွင် တိမ်တိုက်များ ရှိနေသည်။ တိမ်တိုက်များ၏ အောက်တွင် ဧရာဝတီမြစ်ကြီးသည် အိပ်မောကျနေပေလိမ့်မည်။ နှုတ်ဆက်လိုက်ပါတယ် အမိ ဧရာဝတီ…။

မိမိတိုင်းပြည်နှင့် တရားဝင် ထိတွေ့သွားလာခွင့် ဆုံးရှုံးခဲ့ရသည်မှာ ၃ နှစ်ကျော် ကြာခဲ့ပြီမို့ ယခုလို ကိုယ့်တိုင်းပြည်ပေါ် ကျော်ပြီး လေယာဉ်စီးခွင့် ကြုံသည့်အခါ စိတ်လှုပ်ရှားမိသည်။ ပြီးတော့ လေယာဉ်ခရီးစဉ်ပြ လမ်းကြောင်းက ဟိမဝန္တာ တောင်တန်းကြီးကို ဖြတ်ကျော်တော့မည် ဖြစ်သဖြင့် ပိုပြီး စိတ်လှုပ်ရှားရပြန်သည်။

လေယာဉ်ကြီးသည် နီပေါနိုင်ငံနှင့် ရုရှားနိုင်ငံ အနောက်တောင်ထောင့်ကို ဖြတ်ကာ ဥရောပသို့ ခပ်စွေစွေ ခပ်စောင်းစောင်း ထောင်တက်သွားနေလေသည်။

လေယာဉ်ကြီးပေါ်က အရေးပေါ် ဆင်းသက်နိုင်သည့် ထွက်ပေါက်ခလုတ်များ အသုံးပြုပုံ၊ ထိုင်ခုံအောက်တွင် ထားရှိသည့် အသက်ကယ် အင်္ကျီများ ဝတ်ဆင်နည်း၊ စသည်တို့ကို တီဗွီ ဖန်သားပြင်ကြီးပေါ်တွင် မကြခဏဆိုသလို ပြပေးနေသည်။ သို့သော် ကျနော်က သိပ်ပြီး စိတ်မဝင်စားလှပါ။ ပြောသမျှကိုလည်း လုံးစေ့ပတ်စေ့ နားမလည်ပါ။ တချို့ အတွေ့အကြုံ ရှိသူများက မှာလိုက်သည့် သီချင်းနားထောင်ရန် နားကြပ်ကလေးများ ဘယ်လိုရှာဖွေ တပ်ဆင်ရမည်ကိုလည်း ကျနော် မသိပါ။ လက်တွန်းလှည်းဖြင့် လိုက်ရောင်းနေသည့် အရက်ပုလင်းလေးများကိုလည်း သူများကို လက်ဆောင်ပေးရလျှင် ကောင်းမည်ဟု တွေးမိသော်လည်း ကိုယ့်မှာ ပိုက်ဆံမပါသဖြင့် လှည့်၍ပင် မကြည့်ရဲခဲ့ပါ။ (လက်တွန်းလှည်းဖြင့် လိုက်လံရောင်းနေသည့် အရက်ပုလင်းငယ်များဟု ကျနော် ထင်ခဲ့သည်မှာ မှားနေသည်ကို နောင်ကျမှ ကျနော် သိရပါသည်။ အမှန်စင်စစ် ယင်းအရက်ပုလင်းကလေးများမှာ အရက်ကုမ္ပဏီများက ကြော်ငြာသဘော အခမဲ့ လိုက်ပေးနေခြင်းသာ ဖြစ်သည်ဟု သိလာရပါသည်။) လေယာဉ်ပေါ်က ကျွေးသည့် အစားအစာကိုလည်း ဘယ်လိုမှာစားရမည်ကို မသိသဖြင့် ပေးသမျှ ယူထားပြီး ဗိုက်ပြည့်အောင်သာ ဖြည့်လိုက်ရ၏။ ဒွန်မောင်လေဆိပ်ထဲမှာ ကတည်းက ဆာလောင်လျက်ရှိသော ကျနော့်မှာ ဘာတွေညှပ်ထားမှန်းမသိသည့် ပေါင်မုန့်နှစ်ချပ်ကို စားပြီးနောက် အတော်လေး နေသာထိုင်သာ ရှိသွားရ၏။

ကျနော့်ဘေးတွင် အသက် ၅၀ ကျော်ခန့်ရှိမည် ထင်ရသော မည်သည့်လူမျိုးဟူ၍ တိတိကျကျ မသိနိုင်သည့် ခရီးသည်တဦး ရှိနေသည်။ သူသည် လေယာဉ်ထွက်ကတည်းက စကားတခွန်းမှ မပြောဘဲ စာအုပ်တအုပ်ကိုသာ သဲကြီးမဲကြီး ဖတ်လာလေသည်။ တခါတရံ ပါးစပ်က ဘာတွေ ရွတ်ဆိုနေမှန်းမသိ အသံထွက်ရုံကလေး ရွတ်ဆိုနေပြန်သည်။ ကျနော်က သူဖတ်နေသော စာအုပ်ကို မျက်လုံးတချက် ဝေ့ပြီး ကြည့်တော့ ဘာစာတွေမှန်းမသိ၊ အာရဗီစာတွေဟုတော့ ထင်မိသည်။ ထိခရီးသည်ကြီးမှာ အရှေ့အလယ်ပိုင်းက အာရပ်နွယ်ဖွားတဦး ဖြစ်နိုင်ကောင်းရဲ့ဟု တွေးမိသည်။

လေယာဉ်ပေါ်က ခရီးသည်များမှာ သိပ်ပြီး ငြိမ်ငြိမ်သက်သက် မရှိလှပါ။ တခါတရံ စကားသံများ ဆူညံနေတတ်သေး၏။ အပေါ့အပါးသွားရာ လေယာဉ်နောက်ပိုင်းအနီးတွင် အရက်မူးနေသည့် မျက်နှာဖြူ ခရီးသည်တဦးကို လေယာဉ်မယ်တဦးက အကြာကြီး ဖျောင်းဖျတွဲခေါ်ကာ ရှေ့ခန်းထဲ ဆွဲခေါ်သွားရ၏။ အသက် ၃ နှစ်ခန့်အရွယ် ကလေးတယောက်မှာမူ လူသွားလမ်းပေါ်တွင်ပင် ကန့်လန့်ဖြတ် လဲလျောင်းကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။

လေယာဉ်အတွင်းဘက်တွင်သာ အချိန်အတော်ကြာကြာ အာရုံရောက်နေရာမှ သတိရလို့ ပြတင်းပေါက်ကတဆင့် အပြင်ဘက်ကို ကြည့်တော့ ပတ်ဝန်းကျင်တခုလုံး ပိန်းပိတ်အောင် မှောင်နေလေသည်။ ကျနော်စီးလာသည့် လေယာဉ်ကြီးသည် ကမ္ဘာ့ အမှောင်ဘက်ခြမ်းကို ဖြတ်ကာ ဥရောပသို့ ဦးတည်ပြီး သွားနေလေသည်။

ငြိမ်းဝေ

၁၉၉၅၊ မေလ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013