
ရက္ခိုင့်တပ်တော် (အေအေ) နဲ့ ဆက်စပ်တယ်ဆိုပြီး ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဇနီးမောင်နှံကို မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှု ပုဒ်မ ၁၉(က) နဲ့ မြောက်ဦးခရိုင် တရားရုံးက စက်တင်ဘာ ၂၉ ရက်မှာ ထောင်ဒဏ်တွေ ထပ်မံချမှတ်လိုက်ပါတယ်။
ရသေ့တောင်မြို့နယ်မှာနေထိုင်တဲ့ မခိုင်ခိုင်စံကို ထောင်ဒဏ် ၁၇ နဲ့ သူ့ရဲ့ခင်ပွန်း ကိုမောင်ဘုကို ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်တာဖြစ်ပြီး အဆိုပါအမှုမှာ မခိုင်ခိုင်စံရဲ့ မောင်ဖြစ်သူ နိုင်နိုင်ထွန်းကိုလည်း ထောင်ဒဏ် ၁၇ နှစ် အသီးသီး ပြစ်ဒဏ် ချမှတ်ခံရတာပါ။
အခုလို သက်သေမပြနိုင်ဘဲ ကြီးလေးတဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်တဲ့အပေါ် မိသားစုဝင်တဦးကတော့ တရားမျှတမှုမရှိဘူးလို့ ပြောပါတယ်။
“ဒီအမှုအတွက် သူတို့ဘက်က သက်သေပြနိုင်တာ မရှိပါဘူး။ ခုလို ချမှတ်ခံရတဲ့အပေါ်မှာ တရားမျှတမှုမရှိဘူးလို့ မြင်တယ်။ မူးယစ်ဆေးက သူတို့ဆီမှာ လက်ဝယ်တွေ့တာလည်း မဟုတ်ပါဘူး။ ပြောချင်တာကတော့ ပြစ်ဒဏ်ကို လျော့ပေါ့ပေးစေချင်ပါတယ်။”
မခိုင်ခိုင်စံဟာ၂၀၁၉ ခုနှစ်က ရန်ကုန်မှာ ဖမ်းဆီးခံရပြီးနောက် ခင်ပွန်းဖြစ်သူပါ ဖမ်းဆီးခံရကာ အောင်သပြေစစ်ကြောရေးမှာ တလကြာနေခဲ့ရပြီး အကြမ်းဖက်ပုဒ်မ ၅၀(ည) အပါအဝင် ပုဒ်မ ၅ ခုနဲ့ ရန်ကုန်မြို့နယ်ရှိ တရားရုံး ၅ ခုမှာ တရားစွဲဆိုခံခဲ့ရကာ မခိုင်ခိုင်စံကို စုစုပေါင်း ထောင်ဒဏ် နှစ် ၄၀ ကျော်၊ ခင်ပွန်းဖြစ်သူ မောင်ဘုကို စုစုပေါင်း ထောင်ဒဏ် နှစ် ၃၀ ကျော် ချမှတ်ခံခဲ့ရပါတယ်။
ဒီနောက် မူးယစ်ဆေးဝါးပုဒ်မနဲ့ မြောက်ဦးခရိုင်တရားရုံးမှာ ထပ်မံတရားစွဲဆိုခံရရာ ၂၀၂၃ ခုနှစ် ဧပြီလအတွင်းက အင်းစိန်ထောင်ကနေပြီး မြောက်ဦးအချုပ်ကို ပြောင်းရွှေ့ခံရကာ လက်ရှိ ထောင်ဒဏ်ချမှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။
မင်းပြားမြို့နယ် ရာမောင်ဂိတ်မှာ ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါးတွေဟာ အင်းစိန်ထောင်မှာ ထောင်ဒဏ်ကျခံနေရတဲ့ မခိုင်ခိုင်စံတို့နဲ့ သက်ဆိုင်ခြင်းမရှိဘဲ မတရား စွပ်စွဲခံရခြင်းသာဖြစ်ပြီး တရားရုံးကလည်း အဆိုပါအမှုအတွက် တရားလိုဘက်က ခိုင်လုံတဲ့ အထောက်အထားတွေ ချပြနိုင်ခြင်းမရှိဘူးလို့ မခိုင်ခိုင်စံရဲ့ မိသားစုဝင်က ဆိုပါတယ်။
ရက္ခိုင့်တပ်တော် (အေအေ) ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့စဉ်က အကြမ်းဖက်ပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံရသူ အများအပြားရှိခဲ့ပြီး လက်ရှိ အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ထားချိန်မှာလည်း မတရားအသင်းဆက်သွယ်မှု ပုဒ်မတွေနဲ့ ဖမ်းဆီး တရားစွဲဆိုခံထားရသူတွေ အကျဉ်းထောင်အသီးသီးမှာ အများအပြား ရှိနေဆဲဖြစ်ပါတယ်။