DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုနှင့် ဒီပဲယင်း ဒေသရှိ စစ်ဘေးရှောင်များ  စားဝတ်နေရေး အကူအညီလိုအပ်နေ
DVB
·
September 29, 2023
ဒီးမော့ဆိုနှင့် ဒီပဲယင်း ဒေသရှိ စစ်ဘေးရှောင်များ  စားဝတ်နေရေး အကူအညီလိုအပ်နေ
1 / 4
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူငွေရရှိတာ နည်းပါးလာတဲ့အပြင် ကူညီထောက်ပံ့ရာမှာ ကုန်ဈေးနှုန်း ကြီးမြင့်တာတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးသူတွေဆီက သိရပါတယ်။

စစ်ရှောင်တွေကို ကူညီပေးသူ တယောက်က “ဒီနောက်ပိုင်းက အလှူငွေဝင်တာလည်း နည်းလာသလို ကုန်စျေးနှုန်းကလည်း အရမ်းတက်တော့ စိန်ခေါ်မှု အရမ်းများတယ်။ ဆီဖိုးကအစ သွားတဲ့ဆီဖိုးကစပေါ့။ အရင်ကဆို အလှူငွေ နည်းနည်းဝင်တာနဲ့ အများကြီးလုပ်ပေးနိုင်တယ်။ အခုက ခက်ခဲလာတယ်။ ၂၀၂၃ ခုနှစ်အတွင်း ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာတယ်” လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ်မှာ ဆန်တအိတ်ကို ၅၀,၀၀၀ ကျော်လောက်ပဲ ရှိရာကနေ ၂၀၂၃ ခုနှစ်မှာတော့ ကျပ် ၉၀,၀၀၀ နီးပါး၊ ဆီတပိဿာပုံးတပုံးကို ကျပ် ၈,၀၀၀ ကနေ ကျပ် ၁၁,၀၀၀ နီးပါး ဈေးမြင့်တက်လာတာတွေကြောင့် ပြန်လည်ဝယ်ယူရာမှာ ခက်ခဲတဲ့အပြင် သယ်ယူရာမှာလည်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရတာတွေရှိတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေဟာ တောတောင်တွေထဲ လက်နက်ကြီး လွတ်မယ်ထင်တဲ့နေရာ၊ အဆင်ပြေမယ်ထင်တဲ့ နေရာတွေမှာ အခြေချနေထိုင်ပြီး စစ်ရှောင်စခန်း အများစုဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေ ရှိပါတယ်။

Job for Kayah မှ တာဝန်ရှိသူတယောက်က “အရင်က ၁၅ သိန်းလောက် ရှိတယ်ဆိုရင် စစ်ရှောင်ကမ့်ပ်တခုကို လုံလုံလောက်လောက်လေး ထောက်ပံမှုပေးနိုင်ပေမဲ့ အခု အနည်းဆုံး သိန်း ၂၀၊ ၂၅ သိန်းမရှိဘဲနဲ့ ရိက္ခာတွေ လုံလုံလောက်လောက် မဝေနိုင်ဘူး” လို့ ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ရှောင်ရတဲ့ကာလ ကြာလာတာနဲ့အမျှ လိုအပ်ချက်တွေ၊ အခက်အခဲတွေ ရှိနေပြီး အလိုအပ်ဆုံးကတော့ နေ့စဥ်စားသုံးနေရတဲ့ စားနပ်ရိက္ခာဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်ထဲက ဒေါရောက်ခူ စစ်ရှောင်စခန်းနဲ့ တချို့စခန်းတွေမှာ ဆန်ပြတ်လပ်တာတွေကြောင့် တနေ့ကို ထမင်းတနပ် လျေှာ့စားတာ၊ ဆန်ပြုတ်သောက်ရတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ နေရပ်ပြန်ဖို့အတွက် စစ်ကောင်စီတပ်တွေက မိုင်းထောင်ထားတာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံနေရတာ၊ နေရပ်ပြန်လို့ မရသေးတာတွေကြောင့် ပြည်သူလူထု အလှူရှင်တွေရဲ့ ထောက်ပံ့မှုနဲ့သာ ရပ်တည်နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာတော့  ရေဦးကနေ ထွက်ခွာလာတဲ့ ခလရ ၇၁ က အင်အား ၁ဝဝ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် စက်တင်ဘာ ၂၅ ရက်ကစတင်ကာ စစ်ရှောင်နေရတာဖြစ်ပြီး စစ်ရှောင်ဦးရေ သောင်းဂဏန်းအထိ ရှိလာပြီး အခက်အခဲတွေ ရှိနေတယ်လို့ စစ်ရှောင်ကူညီပေးသူတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၅ နဲ့ ၂၆ ရက်တွေမှာ ရေဦး တောင်ဘက်ခြမ်းက ကျေးရွာတွေ ထွက်ပြေးခဲ့ရပြီး စက်တင်ဘာ ၂၇ ရက် ညနေပိုင်းမှာ ဒီပဲယင်း အရှေ့ခြမ်းက ရွာတွေဘက်ကို စတင်ဝင်ရောက်လာခဲ့တာကြောင့် မိုးထဲလေထဲ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒီပဲယင်းမြို့ အနောက်ခြမ်းက ရွာတွေပါ တိမ်းရှောင်နေရတာကြောင့် စစ်ရှောင်ဦးရေ ၁၀,၀၀၀ ကျော်သွားပြီလို့ ရေဦးမြို့နယ်အခြေပြု People's Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ဒီဗွီဘီကို ပြောပါတယ်။

“၂၅-၂၆ ၂ ရက်တည်းကို ရေဦး၊ ဒီပဲယင်း စစ်ရှောင်က သောင်းကျော်နေတာပါ။ ၂၇ ရက်နေ့ ညနေမှာတော့ ဒီပဲယင်းအရှေ့ခြမ်းက ရွာတွေကို စဝင်လာပါတယ်။ ၂၆ ရက်နေ့ကလည်း တိုက်ပွဲမဖြစ်ဘဲ ဒီပဲယင်းအရှေ့ခြမ်းကို နမခက တက်လာတဲ့ MI35 နဲ့ လေကြောင်းပစ်ခတ်မှု ပြုလုပ်ခဲ့ပါတယ်။ လိုအပ်ချက်က စားနပ်ရိက္ခာအဓိကပါပဲ။ တိမ်းရှောင်တဲ့နေရာတွေကတော့ အစုံပါပဲဗျာ။ အရှေ့ဘက်ခြမ်းဝင်တော့ အနောက်ဘက်ခြမ်းပြေးရ၊ အနောက်ဘက်ခြမ်းကနေ အရှေ့ဘက်ခြမ်း ပြန်ပြေးရနဲ့၊ ဘုန်းကြီးကျောင်းတွေ စစ်ရှောင်လက်ခံရာ ဌာနတွေမှာ နေကြရတာပေါ့ဗျာ။ တချို့က လယ်ယာတောထဲ နေကြရတယ်။ လေကြောင်းပစ်ခတ်မှုမှာ ရဲဘော်ထိခိုက်မှုတော့ မရှိခဲ့ဘူး။ စစ်ကြောင်းထွက်ပေါက်ပိတ်မှာတွေ အလွယ်တကူ စစ်ကြောင်းထိုးလို့လွယ်အောင် လမ်းရှင်းတဲ့သဘော လာပစ်တယ်လို့ ခန့်မှန်းပါတယ်။”

စစ်ကောင်စီ စစ်ကြောင်းထိုးလာတာကြောင့် ဒီပဲယင်းအရှေ့ခြမ်းက ညောင်လှ၊ မူးခတွင်း၊ ဝဲကြီး၊ လက်ယက်ကုန်း၊ ညောင်ကြီးကုန်း၊ မဲအိုး၊ သရက်တော၊ နှဘဲလှ၊ အောင်ချမ်းသာ၊ သစ်တုံ၊ လက်ဆည်၊ သပြေသာရွာတွေနဲ့ ဒီပဲယင်းမြို့ အနောက်ခြမ်းက မှန်သာ၊ ဝဘာ၊ တောကျောင်း၊ အင်းတန်း၊ မဲသည်၊ ငြိမ်းချမ်း၊ ယင်းတွေရွာတွေ အပါအဝင် ရေဦးတောင်ဘက်ခြမ်းက ရွာသာလေး၊ မူးသာကုန်း၊ ကုက္ကိုစု၊ ပြည်တော်၊ မုတ်စီ၊ ပေါက်သာ၊ ဆည်ကြီး၊ ပိဋိကတ်ကျ၊ ဇိန့်ဇွန်း စတဲ့ကျေးရွာပေါင်း ၂၈ ရွာက ဒေသခံ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013