စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ပိုင်း၊ မွန်းလိုင်ရပ်ကွက်မှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တယောက် စက်ဘီးစီးရင်း မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၈ ရက် ညနေ ၅ နာရီဝန်းကျင်က လေးတန်းကျောင်းသား ဂျိုးဆပ်တလွန်ထန်ဗဲလ်းဟာ သူငယ်ချင်းတွေနဲ့အတူ စက်ဘီးစီးနေရင်း မွန်းလိုင် နှစ်ခြင်းဘုရားကျောင်းရှေ့မှာ စက်ဘီးက မိုင်းကိုနင်းမိပြီး ပေါက်ကွဲတာလို့ ဆိုပါတယ်။
ကလေးဒေသခံတဦးက “ကလေးက ဗိုက်နဲ့ ရင်အုံတဝိုက်မှာ ထိသွားတာ။ သွေးကလည်း အထွက်များတယ်။ ဆေးရုံပို့ဖို့ စီစဉ်နေတုန်း ဆုံးသွားတာ။ နေရတာကတော့ အိမ်ထဲကအပြင်ထွက်ရင်ကို မလုံခြုံတဲ့ အနေအထား ဖြစ်နေတယ်။ အများပြည်သူသွားတဲ့ လမ်းကတော့ မလုပ်သင့်ဘူး” လို့ ပြောပါတယ်။
မိုင်းပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းမှ သတင်းထုတ်ပြန်ထားတာ မတွေ့ရသလို ဒေသခံ ပြည်သူတွေကလည်း ဘယ်သူဘယ်ဝါ ထောင်ထားမှန်း မသိကြောင်း ပြောကြပါတယ်။
ဩဂုတ် ၁၄ ရက်ကလည်း တပ်ဦးသီတာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ် ဘူတာလမ်းခွဲအနီးမှာ မိုင်းနင်းမိပြီး အသက် ၃၉ နှစ်အရွယ် ချင်းတိုင်းရင်းသား အမျိုးသားတဦး သေဆုံးခဲ့ပါသေးတယ်။
ဓာတ်ပုံ-Rody Zin