DVB Logo
Home
မြန်မာသတင်း
အန်စီအေ ၈ နှစ် ပြည့်ပွဲ လာတက်ကြရန် တိုင်းရင်းသားလက်နက်ကိုင်များကို စစ်ခေါင်းဆောင် ဖိတ်ခေါ် 
DVB
·
September 29, 2023
အန်စီအေ ၈ နှစ် ပြည့်ပွဲ လာတက်ကြရန် တိုင်းရင်းသားလက်နက်ကိုင်များကို စစ်ခေါင်းဆောင် ဖိတ်ခေါ် 
Donate to DVB

နေပြည်တော်မှာ လာမယ့်လ ကျင်းပဖို့ရှိနေတဲ့   အန်စီအေ ၈ နှစ်မြောက် အခမ်းအနားကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အကုန်လုံးရော လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေပါ လာတက်ကြဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ  ၂၈ ရက်မနက်က နေပြည်တော်ရှိ စစ်ခေါင်းဆောင်ရုံးမှာ  ကျင်းပတဲ့   စစ်ကောင်စီအဖွဲ့ဝင်တွေတက်ရောက်တဲ့ အစည်းဝေးမှာ ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့တာလို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ( အန်စီအေ) လက်မှတ်ရေးထိုးခြင်း ၈ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်မှာ  လာမယ့် အောက်တိုဘာ  ၁၅ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ဒီအခမ်းအနားနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ဒါကိုနိုင်ငံရေးအနှစ်သာရ ရှိရှိလုပ်ဖို့ရှိပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေလည်း လက်လှမ်းမီသလောက် အကုန်ဖိတ်ပါတယ်။ ပြည်ပနိုင်ငံတွေလည်း အခုဖိတ်နေပါပြီ။ ကျွန်တော် Personal အကုန်စာတွေရေးပြီး ဖိတ်ပါတယ်။ တစ်ချို့ကလည်း တယ်လီဖုန်းနဲ့၊ တစ်ချို့ကလည်းစာနဲ့ ရေးပြီး ဖိတ်တာတွေရှိတယ်။ တစ်ချို့လာနိုင်တယ်လို့လည်းပြောတာရှိတယ်။ တစ်ချို့ကတော့သူလည်း မလာနိုင်ဘူး၊ သို့သော်လည်း အဓိကကျတဲ့သူတို့ကိုယ်စားလှယ်တွေလွှတ်ပေးမယ်လို့ ပြောတာတွေ ရှိပါတယ်။ ပြည်ပနိုင်ငံတွေက ဒီလိုသဘောထားရှိလို့ရှိရင် ကျွန်တော်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပိုပြီးလိုလားတဲ့စိတ်ရှိဖို့လိုတာပေါ့။ အထူးသဖြင့် လက်မှတ်ရေးထိုး ထားတဲ့အဖွဲ့တွေ အကုန်တက်နိုင်ဖို့လိုပါတယ်။ လက်မှတ်မထိုး ထားတဲ့အဖွဲ့တွေက လည်း ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုလို့ရှိရင် ဒီအခမ်းအနားကို လာတက်ခြင်း အားဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလို့ရအောင် လမ်းခင်းဖို့လိုပါ တယ်။ အမုန်းတရားတွေဖြစ်နေပြီးတော့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်နစ်နာဖို့ပဲရှိ တယ်။ ကျွန်တော်တို့ကတော့ Moving Forward ပဲ၊ ရှေ့ကိုသွားမှာပဲ။ ရသလောက် ကျွန်တော်လုပ်သွားမှာပဲ။ ရအောင်လုပ်သွားမယ်”လို့  ပြောပါတယ်။

ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ နိုင်ငံရေးစနစ်ကိုသွားမှာဖြစ်ပြီး ဖယ်ဒရယ်စနစ်ကျင့်သုံးတဲ့နေရာမှာ  ဒေသကိုအခြေခံတဲ့ ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ရမယ်လို့ လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

“ဖက်ဒရယ်စနစ်ကျင့်သုံးခြင်းနှင့်ပတ်သက်၍ လူမျိုးကိုအခြေခံသည့် ဖက်ဒရယ်ကို ဆောင်ရွက်ခြင်း မဟုတ်ဘဲဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကိုဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း ဖက်ဒရယ်စနစ်ကိုကျင့်သုံးလျက်ရှိသည့် နိုင်ငံများ ရှိသော်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျင့်သုံးမှုခြင်းတူညီမှုမရှိကြောင်း၊  မိမိတို့နိုင်ငံ  အနေဖြင့် နိုင်ငံ၏အခြေအနေနှင့် လိုက်လျောညီထွေရှိသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံး ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အသက်ပေါင်းများစွာ ပေးဆပ်ပြီးမှသာ လွတ်လပ်ရေးရရှိခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းပြည်၏ ပကတိအခြေအနေကို တိုင်းရင်းသား ပြည်သူများအားလုံး မှန်မှန်ကန်ကန် သိရှိရန်လိုပြီး ဒေသတစ်ခုချင်း၊ လူမျိုးတစ်မျိုးချင်း အကျိုးထက် တိုင်းပြည်၏အကျိုးကို ရှေးရှု၍ဆောင်ရွက်ကြစေလိုကြောင်း၊ စစ်မှန်သည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်သွားကြရန်လိုကြောင်း” ပြောပါတယ်။

စစ်ခေါင်းဆောင်က တဖက်မှာ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ရေးပြောနေပေမဲ့ လက်ရှိအချိန်မှာ တိုင်းရင်းသားဒေသတွေအပါအဝင် နိုင်ငံတဝန်း ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်၊ ကျေးရွာတွေကို မီးရှို့ ဖျက်ဆီး အပြစ်မဲ့ပြည်သူတွေကို လေယာဉ်တွေနဲ့ ဗုံးကြဲ ပစ်ခတ်သတ်ဖြတ်နေတာဖြစ်ပါတယ်။

စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းကပဲ ကချင်ပြည်နယ်၊ လိုင်ဇာအနီးမှာရှိတဲ့ ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ တပ်စခန်းတခုကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အေအေဘက်က ဗိုလ်ကြီးတယောက်ကျဆုံးပြီး  တပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တရက်ထဲမှာပဲ စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် ဂျိုးထောင်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့  စာသင်နေတဲ့ ကလေးငယ် ၁၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကကျင်းပတဲ့ အန်စီအေနှစ်ပတ်လည်ပွဲကိုတော့  မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ မဖြစ်တာ ဆယ်စုနှစ်တွေနဲ့ ချီရှိနေပြီဖြစ်တဲ့  လက်နက်ကိုင်အဖွဲ့တချို့သာ တက်ရောက်ဖို့ရှိနေပြီး   ကေအန်ယူ၊ ကေအန်ပီပီ၊ ကေအိုင်အေ၊ အေအေ၊ စီအန်အက်ဖ် စတဲ့ လက်ရှိစစ်ကောင်စီတပ်တွေနဲ့ အဓိကတိုက်ပွဲတွေဖြစ်နေတဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့  စစ်ကောင်စီကို အယုံအကြည်မရှိလို့ တက်ရောက်ခြင်းမရှိပါဘူး။

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ကတစ်ဘက် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၈ ဖွဲ့က တစ်ဖက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရ ပ်စဲရေးသဘောတူစာချုပ် (အန်စီအေ)ကို လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

၂၀၁၈ ဖေဖော်ဝါရီ ၁၃ ရက်မှာတော့  မွန်ပြည်သစ်ပါတီ MNSP နဲ့ လားဟူလက်နက်ကိုင်အဖွဲ့(LDU) တို့ထပ်မံပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် စုစုပေါင်း အန်စီအေ လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့ရှိပါတယ်။ 

PHOTO-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013