
ကချင်ပြည်နယ်၊ လိုင်ဇာအနီးမှာရှိတဲ့ ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ တပ်စခန်းတခုကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းမှာ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အေအေဘက်က ဗိုလ်ကြီးတယောက်ကျဆုံးပြီး တပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အေအေ ပြောရေးဆိုခွင့်ရှိ ခိုင်သုခက ပြောပါတယ်။
“မနေ့က စက်တင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက မြန်မာစစ်တပ် အခြေစိုက်ထားတဲ့ ခါယာတောင်ကြောကနေ ၁၂၀ မမ နဲ့ လှမ်းပစ်တာတွေ ရှိပါတယ်။ အဲလိုပစ်ခတ်မှုကြောင့် ကျနော်တို့ရဲ့ မူလိုင်ခမ်းစခန်းအတွင်းမှာ ကျရောက်ပြီး ဗိုလ်ကြီးတဦး အပါအဝင် တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရခဲ့ကြတယ်။ အဲဒီအထဲက ဒဏ်ရာပြင်းထန်တဲ့ ဗိုလ်ကြီးကတော့ ညနေ ၄ နာရီလောက်မှာ ဆုံးသွားပါတယ်။”
မနေ့က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီဘက်က တမင် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာဖြစ်တဲ့အတွက် စစ်ရုံးချုပ်ဘက်က သင့်တော်သလို ဆုံးဖြတ်လုပ်ဆောင်သွားမယ်လို့ အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။
“မနေ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာက ဘာတိုက်ပွဲမှမဖြစ်ဘဲနဲ့ ဒီအတိုင်း လှမ်းပစ်တာ ဖြစ်ပါတယ်။ အခုလိုမျိုး ကျနော်တို့တပ်စခန်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တဲ့အတွက် ကျနော်တို့ စစ်ရုံးချုပ်အနေနဲ့ သင့်တော်သလို ဆုံးဖြတ်ဆောင်ရွက်သွားဖို့ ရှိပါတယ်။”
ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ နမ့်ဆန်းယန်ဘက်မှာ တိုက်ပွဲဖြစ်ပွားနေတာ တလကျော် ကြာမြင့်နေပြီဖြစ်ပြီး စစ်ကောင်စီ စစ်ကြောင်းတွေဟာ ရက္ခိုင့်တပ်တော် တပ်စခန်းတွေဘက်က စစ်ကြောင်းချီလာကာ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားမှုတချို့ ရှိခဲ့ကြတယ်လို့ ခိုင်သုခက ပြောပါတယ်။
၂၀၂၂ ခုနှစ်ကလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေရှိ အေအေ တပ်စခန်းတခုကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခတ်မှုကြောင့် တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြပါတယ်။
ဒါ့အပြင် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ KIA ဌာနချုပ်ရှိ ဗိုလ်လောင်းသင်တန်းကျောင်းတခုကို ကျရောက် ပေါက်ကွဲပြီး ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့ကာ အဲဒီအထဲမှာ ရက္ခိုင့်တပ်တော် (အေအေ) က ဗိုလ်လောင်း ၈ ဦး ပါဝင်ခဲ့ပါတယ်။