DVB Logo
Home
မြန်မာသတင်း
ကရင်နီအမျိုးသမီးများအတွက် ရက်ကန်းသင်တန်းဖွင့်၊ ဒီးမော့ဆို စစ်ရှောင်ကျောင်း၌ စိတ်ဓာတ်မြှင့်တင်ရေး ပြုလုပ်
DVB
·
September 29, 2023
ကရင်နီအမျိုးသမီးများအတွက် ရက်ကန်းသင်တန်းဖွင့်၊ ဒီးမော့ဆို စစ်ရှောင်ကျောင်း၌ စိတ်ဓာတ်မြှင့်တင်ရေး ပြုလုပ်
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်က ဂေးဖိုးဒူ ပညာလေ့လာရေး သင်တန်းကျောင်းမှာ ရက်ကန်းသင်တန်း ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ ကျောင်းနဲ့နီးစပ်သူတွေထံက သိရပါတယ်။

စက်တင်ဘာ ၂၆ ရက်မှာ ရက်ကန်းသင်တန်းကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သင်တန်းကာလ တလ ကြာမြင့်မှာ ဖြစ်ပါတယ်။

ရက်ကန်းသင်တန်းကို ကရင်နီပြည်နယ် မြို့အသီးသီးက အမျိုးသား၊ အမျိုးသမီး လူငယ် ၁၅ ယောက် တက်ရောက်သင်ကြားနေတယ်လို့ သိရပါတယ်။

ရက်ကန်းသင်တန်း တက်ရောက်ပြီးတဲ့ လူငယ်တွေဟာ ရက်ကန်းနဲ့ အင်္ကျီ၊ ဘောင်းဘီ၊ လွယ်အိတ် စတာတွေ ရက်လုပ်ရောင်းချပြီး ကိုယ်ပိုင်ဝင်ငွေရှာနိုင်ဖို့ ရည်မှန်းထားတယ်လို့ ကျောင်းတာဝန်ခံတွေက ဆိုပါတယ်။

ကျောင်းတာဝန်ခံ ဆရာက “ရက်ကန်းပညာကို စိတ်ဝင်စားတဲ့ လူငယ်ပိုင်းတွေ အဓိက တက်ရောက်ကြပါတယ်။ သင်တန်းပြီးမြောက်သွားတဲ့အခါ မိမိတို့ နေရပ်အသီးသီးကိုပြန်ပြီး တနိုင်တပိုင်လည်း ငွေရှာလို့ရမယ်၊ မိမိပတ်ဝန်းကျင်က လူတွေကိုလည်း မျှဝေပေးနိုင်မယ်ပေါ့။ ကျောင်းအနေနဲ့လည်း စျေးကွက်ချိတ်ဆက်တာတွေ စီစဉ်ပေးဖို့ ရှိပါတယ်။ အသက်မွေးဝမ်းကြောင်း ပညာရပ်တခု တတ်မြောက်သွားအောင် သင်ကြားပေးနေတာပါ” လို့ ပြောပါတယ်။

ဂေးဖိုးဒူ ပညာလေ့လာရေးသင်တန်းကျောင်းဟာ ကရင်နီပြည်နယ်အတွင်းက လူငယ်တွေကို အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ စိုက်ပျိုးရေး၊ ဝါးလက်မှုပညာ၊ ရက်ကန်းပညာ စတဲ့ အသက်မွေးဝမ်းကျောင်းပညာတွေကို သင်ကြားပေးနေတဲ့ကျောင်း ဖြစ်ပါတယ်။

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ ပင်လယ်ကွေ့ စာသင်ကျောင်းမှာ စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းက အာဟာရကျွေးမွေးရေးနဲ့ စိတ်ဓာတ်မြှင့်တင်ရေးတွေ ပြုလုပ်ပေးခဲ့တယ်လို့ Dove kk အဖွဲ့ ပညာရေးပိုင်း တာဝန်ရှိသူက ပြောပါတယ်။

ပင်လယ်ကွေ့စာသင်ကျောင်းကို ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့နဲ့ Dove kk အဖွဲ့တို့ ပူးပေါင်းပြီး သွားရောက်ကူညီခဲ့တာလို့ Dove kk အဖွဲ့ ပညာရေးပိုင်း တာဝန်ရှိသူက ဆိုပါတယ်။

“နိုင်ငံရေးအခြေနေမကောင်းတော့ စစ်ရှောင်တွေက ပိုများလာတယ်။ စစ်ရှောင်တွေမှာ အခက်အခဲ အများကြီးရှိတဲ့အတွက် နံပါတ် ၁ အနေနဲ့ ပညာရေးပိုင်းကို ဖြည့်ဆည်းပေးချင်တယ်။ စေတနာ့ဝန်ထမ်း ဆရာမတွေအတွက်လည်း ထောက်ပံ့ပေးဖြစ်တယ်။ ဆရာမတွေအတွက် လိုအပ်ချက်တွေ တခုလျော့လည်း လျော့ပါစေ ဆိုတဲ့စိတ်နဲ့ ကူညီပေးတာ။”

ပင်လယ်ကွေ့စစ်ရှောင်စာသင်ကျောင်းမှာ KG ကနေ Grade 4 အထိရှိပြီး ကျောင်းသား ၆၅ ယောက်ကို ဆရာမ ၅ ယောက်က တာဝန်ယူ သင်ကြားပေးနေတာ ဖြစ်ပါတယ်။

စာသင်ကျောင်းက ကလေးငယ်တွေနဲ့ ဆရာမတွေအတွက် အာဟာရအနေနဲ့ အသားဟင်း ဒန်ပေါက်ကို ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့က ကျွေးမွေးခဲ့ပြီး ဂိမ်းကစားတာ၊ အားကစားပြိုင်ပွဲမှာ ဆုချီးမြှင့်တာ၊ မုန့်နဲ့ အအေး ကျွေးမွေးတာ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ ဆရာမတွေကို ထောက်ပံ့ငွေ ပေးအပ်တာတွေကို Dove KK အဖွဲ့က ပြုလုပ်ခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ နှစ်သိန်းခွဲကျော်အထိရှိပြီး စားနပ်ရိက္ခာ၊ အမိုးအကာတွေအပြင် ပညာရေး အထောက်အပံ့တွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင် ပြည်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013