DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရ
DVB
·
September 28, 2023
တနင်္သာရီတွင် စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရ
Donate to DVB

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာမှာ စစ်ကောင်စီဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက‌ သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က အရာခံဗိုလ်တယောက် အပါအဝင် နှစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ PDF ထံက သိရပါတယ်။

စက်တင်ဘာ ၂၈ ရက် မနက် ၆ နာရီမှာ ညောင်ပင်ကွင်းကျေးရွာ အရှေ့ကမ်းနဲ့ အနောက်ကမ်းတို့ကို ဆက်ထားတဲ့ တံတားမှာရှိတဲ့ စစ်ကောင်စီဂိတ်ကို ညောင်ပင်းကွင်းရွာ အရှေ့ဘက်ကမ်းမှာရှိတဲ့ ပူးပေါင်းတပ်ဖွဲ့တွေကနေ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန် ၄၅ မိနစ်ရှိတယ်လို့ သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အရာခံဗိုလ်အဆင့်ရှိသူတဦးနဲ့ တပ်သားတဦး သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးဘက်က အထိအခိုက် အကျအဆုံးမရှိဘဲ ပြန်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

မြိတ်ခရိုင်တပ်ရင်း-၂ တာဝန်ခံတဦးက “ခုလောလောဆယ်တော့ တံတားဘက်မှာ စစ်သားတွေ မရှိတော့ဘူး။ အလောင်းကိုတောင် ကိုယ်တိုင်ဝင်မကောက်ရဲလို့ နာရေးကားခေါ်ပြီး ဝင်သယ်ခိုင်းတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို တနင်္သာရီမြို့နယ်ရှိ မြိတ်ခရိုင် တပ်ရင်း-၂၊ တပ်ခွဲ-၁ နဲ့ တနင်္သာရီ ပကဖ တပ်ပေါင်းစု (ဘက်မလိုက်ပြောက်ကျားအဖွဲ့ + SWDF တောင်ပိုင်းသူရဲကောင်းအဖွဲ့) တို့က ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံပြည်သူတွေလည်း တံတားဘက် မသွားရဲကြသလို စစ်ကောင်စီက‌ ဒေသခံပြည်သူတွေကို ခြိမ်းခြောက်ပြောဆိုတာတွေရှိတယ်လို့ သိရပါတယ်။

ဒေသခံပြည်သူတဦးက “ဟိုဘက်ကမ်းကသူတွေလည်း လာမရဲကြဘူး။ တံတားမှာ ဂိတ်ကတော့ အမြဲချပြီးနေတာပါ။ အခုလိုသေသွားတော့ နည်းနည်းတော့ ရမ်းမှာပေါ့။ သေတဲ့တယောက်က ဗိုလ်အဆင့်ထင်တယ်။ လက်နက်ကြီးပစ်တဲ့သူတယောက်လည်း ပြောတယ်။ အခုတိုက်ပွဲဖြစ်တာ လက်နက်ကြီး တလုံးမှမပစ်ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေကို ခမရ ၅၆၁ တပ်ရင်းကို သယ်ဆောင်သွားခဲ့ပြီး လက်နက်ကြီး ရမ်းပစ်တာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။

ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ ၅၆၁ တပ်ရင်းကနေ တပ်သားတွေ မကြာခဏ ထွက်ပြေးနေတဲ့ တပ်ရင်းဖြစ်ပြီး အခုလအတွင်းမှာ အဲဒီတပ်ရင်းကနေ တပ်သားတဦး လက်နက်အပြည့်အစုံနဲ့ တနင်္သာရီ ပကဖအဖွဲ့ထံ လာရောက်ခိုလှုံခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013