
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် ဂျိုးထောင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ကျရောက်ပေါက်ကွဲခဲ့လို့ စာသင်နေတဲ့ ကလေးငယ် ၁၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
မနေ့ မွန်းလွဲ ၁၂ နာရီခွဲလောက်က ဝန်းသိုမြို့နယ်ရှိ စစ်ကောင်စီတပ် ခမရ -၁၀၂ တပ်ကနေပြီး ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဂျိုးထောင်ရွာ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမ ကျောင်းတိုက်အနီး လက်နက်ကြီး ကျည် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကြီးကျချိန် အဆိုပါ ဘုန်းကြီးကျောင်းမှာ စာသင်ချိန် ပညာသင်ယူနေတဲ့ ကလေးငယ် ၁၈ ဦး ဒဏ်ရာရရှိခဲ့ကာ ၆ ဦး ပြင်ထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
ကလေးငယ်တွေ ပညာသင်ယူနေတဲ့ ဘုန်းတော်ကြီးကျောင်းကို အရပ်ဘက် စစ်ဘက် ခွဲခြားမှုမရှိ အခုလို ပစ်ခတ်မှုဟာ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စု စစ်ရာဇ၀တ်မှု ကျူးလွန်နေကြောင်း ထင်ရှားစွာ ပြသနေသည့် ဖြစ်ရပ်တခုပင်ဖြစ်တယ်လို့ NUG အစိုးရက ထုတ်ပြန်ပါတယ်။










