DVB Logo
Home
မြန်မာသတင်း
ဝက်လက်နှင့် ဝန်းသိုမြို့နယ်တို့ကို စစ်တပ်က ဗုံးအလုံး ၆၀ နီးပါးကြဲချ၊ လူနေအိမ်​များမီးလောင်
DVB
·
January 9, 2026
ဝက်လက်နှင့် ဝန်းသိုမြို့နယ်တို့ကို စစ်တပ်က ဗုံးအလုံး ၆၀ နီးပါးကြဲချ၊ လူနေအိမ်​များမီးလောင်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နဲ့ ဝန်းသိုမြို့နယ်တွေထဲကို ဇန်နဝါရီ ၈ ရက်မှာ စစ်တပ်က လေယာဥ်နဲ့ ဗုံးအလုံး ၆၀ နီးပါး ကြဲချခဲ့လို့ လူနေအိမ်​တချို့ မီးလောင်ပျက်စီးခဲ့သလို ဒေသခံပြည်သူ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက “ဝက်လက်အရှေ့ခြမ်းက သစ်ဆိမ့်ရွာနဲ့ ရွာနားဝန်းကျင်ကို ၈ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်ကနေ ၁၁ နာရီ ၄၅ လောက်အထိ တံတားဦးက တက်လာတဲ့ စစ်တပ်ရဲ့ Y12 လေယာဥ်နဲ့ လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်မှာ ဗုံးသီးအလုံးပေါင်း ၅၄ လုံး ကြဲချသွားတာ​ပါ” လို့ ပြောပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သစ်ဆိမ့်ကျေးရွာအတွင်းက လူနေအိမ် ၄ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဝက်လက်မြို့နယ် လူသားစာနာတာဝန်ခံက “အဲဒီ သစ်ဆိမ့်ရွာနဲ့ ပတ်ဝန်းကျင်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သေးလို့ ရွာခံတွေ ထွက်ပြေးနေကြရတယ်။ အခုထိ ရွာထဲပြန်မဝင်ရဲကြသေးလို့ ပြည်သူထိခိုက် ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အတုအယောင်ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့ ဝက်လက်မြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေသလို မြေပြင်ကနေလည်း အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး တိုက်ပွဲဖြစ်တာတွေလည်း ရှိနေပါတယ်။

စစ်တပ်ဟာ ဝန်းသိုမြို့နယ်ထဲကိုလည်း ဇန်နဝါရီ ၈ ရက် ည ၇ နာရီခွဲဝန်းကျင်မှာ တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲချခဲ့လို့ ဒေသခံပြည်သူ ၂ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

Kawlin Info တာဝန်ရှိသူတယောက်က “ကျနော်တို့ ဝန်းသိုမြို့နယ်ထဲက နမ်းခမ်းတိုက်နယ်ထဲမှာ ရှိတဲ့ ဘူတာစုရပ်ကွက်နဲ့ အရှေ့စက်ရပ်ကွက်တွေထဲကို တိုက်ပွဲဖြစ်နေတာ မရှိဘဲနဲ့ စစ်တပ်ရဲ့ ဂျက်ဖိုက်တာ ၂ စီးက ဗုံး ၅ လုံး ကြဲသွားလို့ အရှေ့စက်ရပ်ကွက်ထဲက ပြည်သူပိုင်နေအိမ်တလုံး မီးလောင်ပျက်စီးပြီးတော့ ပြည်သူ ၂ ယောက်ထက်မနည်း ဒဏ်ရာရထားပါတယ်” လို့ ပြောပါတယ်။

ဝန်းသိုမြို့နယ်ထဲမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ စစ်ကောင်စီတပ်ရဲ့ ပြည်သူ​ကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကတော့ ဆက်လက်ရှိနေပါတယ်။

ဝန်းသိုမြို့မှာ အခြေစိုက်တဲ့ စစ်ကောင်စီလက်အောက်ခံ ခမရ ၁၂၀၊ ခမရ ၁၁၁ တို့ အပါအဝင် စစ်ကောင်စီ အထိုင်စခန်းတွေကို တိုက်ခိုက်တော့မှာဖြစ်လို့ ဝန်းသိုမြို့ပေါ်က ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လူသားဒိုင်းအဖြစ် မသုံးပြုတာ မခံရစေဖို့နဲ့ ပြည်သူအထိအခိုက် အနည်းဆုံး ဖြစ်စေဖို့အတွက် ဇန်နဝါရီ ၉ ရက် နောက်ဆုံးထားပြီး မြို့ပေါ်ကနေ ထွက်ခွာပေးကြဖို့လည်း ကောလင်းခရိုင် အမှတ် ၄ တပ်ရင်းက ကြိုတင်ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013