DVB Logo
Home
Lead Story
သမိုင်းအမှားတွေနဲ့ ဘဝင်မြင့် လူမျိုးကြီးဝါဒ ကျပ်မပြည့်မှုတွေ
DVB
·
September 28, 2023
သမိုင်းအမှားတွေနဲ့ ဘဝင်မြင့် လူမျိုးကြီးဝါဒ ကျပ်မပြည့်မှုတွေ
Donate to DVB

ပျူလူမျိုးဆိုတာ တိဘက်တိုဘာမင် အနွယ်ဝင်၊ ခရစ်နှစ် ၃ ရာစုအလယ်လောက်ကတည်းက မြန်မာနိုင်ငံထဲ ရောက်ရှိလာခဲ့။ မြန်မာနိုင်ငံထဲ အစောဆုံး ဝင်ရောက်လာတဲ့ လူမျိုးတွေထဲ အပါအဝင်။ ဧရာဝတီမြစ်ဝှမ်း ရွှေဘိုလောက်ကနေ ပြည်မြို့အထိ ဖြန့်ကြက်နေထိုင်ခဲ့ကြတယ်။

အေဒီ ၄ ရာစုနဲ့ ၅ ရာစုမှာ ပျူတွေဟာ မြန်မာနိုင်ငံထဲ အထွတ်အထိပ်ရောက်ခဲ့တယ်။ ပျူတွေမှာ ပျူစာပေ ဆိုတာ ရှိတယ်။ ပျူတွေဟာ ဗုဒ္ဓဘာသာကို ကျမ်းဂန်ကျကျ သိရှိကိုးကွယ်၊ သူ့အသက် သတ်ရမှာ ဝန်လေးလို့ ပိုးထည်ကို မဝတ်ဆင်။ ပျူတွေမှာ သူတို့တီထွင်ထားတဲ့ တူရိယာမျိုးစုံရှိသလို အနုပညာအကအလှ ဝေဝေဆာဆာ။ အေဒီ ၈၀၂ မှာ တရုတ်ဘုရင်ရဲ့ ဖိတ်ကြားမှုအရ တရုတ်ပြည်သို့ အနုပညာအဖွဲ့တဖွဲ့ စေလွှတ်ခဲ့ဖူးတယ်။

ပျူတို့နန်းစိုက်ရာ ပြည်မြို့အနီးက သရေခေတ္တရာမြို့ဟောင်းထဲ ရှေးဟောင်းလက်ရာ တွေ့ရှိချက်တွေက ပျူလူမျိုးတွေ ကြီးကျယ်ခမ်းနားခဲ့ကြောင်း ပြဆိုခဲ့တယ်။ နန်ကျောင်တို့ လာတိုက်လို့ ၈ ရာစုအကုန်လောက်မှာ ပျက်ပြီးနောက် ဟန်လင်းမှာ ထပ်မံနန်းစိုက်။ ခရစ်နှစ် ၈၃၂ မှာ နန်ကျောင်တွေ ထပ်ဖျက်လို့ ပျက်ပြန်။ အဲဒီနောက် ပျူတွေ ကစဉ့်ကလျား။ ဘာပဲဖြစ်ဖြစ် ပျူလူမျိုးတွေဟာ သူတို့ ကြီးပွားခဲ့စဉ်က အာဏာသက်ရောက်မှု ပိုင်နက်နယ်မြေ ကျယ်ကျယ်ဝန်းဝန်း၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ နိုင်ငံခြားဆက်ဆံရေး စတဲ့ ပြည်ထောင်စုတစ်ခုရဲ့ သွင်ပြင်အပြည့်အစုံမို့ ဒေါက်တာသန်းထွန်းတို့လို သမိုင်းပညာရှင်တွေက ပျူနိုင်ငံကို မြန်မာနိုင်ငံရဲ့ ပထမပြည်ထောင်စုအဖြစ် သတ်မှတ်ကြတယ်။

ကျနော်တို့ ဗမာတွေကလည်း ပျူလူမျိုးတွေနဲ့ တအုပ်စုတည်း၊ တိဘက်တိုဘာမင်အနွယ်။ ဗမာတွေရဲ့ မူလဘိုးဘွားတွေက တရုတ်နိုင်ငံ၊ ကန်စုဒေသ၊ ထောင်မြစ်ဝှမ်းမှာ စတင်။ သူတို့နဲ့ ခေတ်ပြိုင်တွေထဲ ယဉ်ကျေးမှု အဆင့်အတန်း ခမ်းနားခဲ့ကြသူတွေလို့ ဆိုတယ်။ ဒါပေမဲ့ တရုတ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် တောင်ဘက်အရပ်ဆီ ရွှေ့ပြောင်းလာရာကနေ ခရစ် ၇ ရာစုမှာ တရုတ်-မြန်မာ နယ်စပ်သို့ ရောက်ရှိ။ နန်ကျောင်ရဲ့ အုပ်စိုးမှုခံရကာ မြင်းစီး ကျွမ်းကျင်ပြီး သတ္တိရှိတဲ့ အသေခံတပ်သား စစ်သူရဲတွေအဖြစ် နန်ကျောင်တို့ လျှောက်တိုက်တဲ့ အရှေ့တောင်အာရှ ဒေသအနှံ့ တပ်ဦးကနေ တိုက်ပွဲဝင်ခဲ့ရတယ်။

သရေခေတ္တရာကို နန်ကျောင် လာတိုက်တုန်းကလည်း ဗမာတွေ ပါတယ်။ ဟန်လင်းကို တိုက်တော့လည်း ပါတယ်။ ပြီးတော့ မွန်ဒေသ မိကြင်နိုင်ငံ(ပဲခူးလို့ ထင်ရ)ကို တိုက်တော့လည်း ဗမာတွေ ပါခဲ့တော့ မြန်မာတဝန်း ပထဝီသွင်ပြင်ကို ဗမာတွေ ကောင်းကောင်းကျက်မိ။

နန်ကျောင်တိုက်လို့ ပျူတွေလည်း ချည့်နဲ့ လွင့်စဉ်၊ မွန်တွေလည်း တကွဲတပြား။ ပြီးတော့ နန်ကျောင်လည်း အာဏာအရှိန်အဝါကျချိန် ခရစ်နှစ် ၉ ရာစုလောက်မှာ ရှမ်းပြည်ဘက်ကနေ နတ်ထိပ်တောင်ကြားလမ်းအတိုင်း အပြင်းနှင်ကာ ကျောက်ဆည်ကို မြန်မြန်ဆန်ဆန် သိမ်းပိုက်လိုက်တယ်။ ပြောရရင် နန်ကျောင်လက် အောက်ခံအဖြစ်ကနေ ထွက်ပြေးလာခဲ့ခြင်း ဖြစ်တယ်။

ကျောက်ဆည်လွင်ပြင်ကို စစ်သွေးကြွဗမာတွေ ကြီးစိုးလာတယ်။ အခြေတကျနဲ့ ဒေသတဝန်း စိတ်ချလက်ချ အုပ်စီးထားနိုင်ပြီဆိုတော့ ယဉ်ကျေးမှုအရာမှာ မွန်နဲ့ပျူတွေကို ဆရာတင် သင်ယူခဲ့တယ်။ နတ်နဂါး ကိုးကွယ်မှုကနေ ဗုဒ္ဓဘာသာကို ကိုးကွယ်လာကြတယ်။ ဧရာဝတီမြစ်ဘေးက ပုဂံကို ဌာနချုပ်အဖြစ် ဗမာတို့ ရွေးချယ်လိုက်တယ်။ မြန်မာရာဇဝင်ကျမ်းတွေက အေဒီ ၈၅၀ မှာ ပျဉ်ပြားမင်းက ပုဂံကို တည်ခဲ့တယ်လို့ ဆိုတယ်။ အနော်ရထာလို့ ဆိုတဲ့ အနိရုဒ္ဓဘုရင်လက်ထက်မှာ ဗမာတွေ အထွတ်အထိပ်ကို ရောက်လာတယ်။

ဒေါက်တာသန်းထွန်းက ပုဂံနေပြည်တော်ကို ဒုတိယပြည်ထောင်စုလို့ သတ်မှတ်ပေမဲ့ ဗမာလူမျိုးကြီးစိတ်လွန်ကဲတဲ့ အဆက်ဆက်သော သမိုင်းစာအုပ်တွေက ပုဂံကို ပထမပြည်ထောင်စုလို့ ဆိုကာ မြန်မာမှာ စတင်ကြီးပွားခဲ့တဲ့ ပျူတွေရဲ့သမိုင်းကို မှိန်ဖျော့ပစ်ခဲ့ကြ။ ဗမာတွေ တည်ထောင်တဲ့ ပြည်ထောင်စုသည်သာ မြန်မာမှာ ပထမပြည်ထောင်စုအဖြစ် မောင်ဦးလုပ်လိုက်ကြတယ်။ မြန်မာနိုင်ငံကို ဗမာတွေကပဲ စတင်ခဲ့သယောင် ရာဇဝင်ဆရာတွေက ဗမာဘုရင်တွေအကြိုက် ရေးသားခဲ့ကြပုံရပါတယ်။

အထက်မှာပြောခဲ့တဲ့ ဗမာတွေ တရုတ်ပြည်ကနေ အဆင့်ဆင့် ပြေးလာခဲ့တာတွေ၊ နန်ကျောင် လက်အောက်ခံ စစ်သူရဲဖြစ်ခဲ့တဲ့ ခိုင်လုံမှုရှိတဲ့ သမိုင်းအထောက်အထားတွေဟာလည်း အခြေခံပညာအဆင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်ပေါ် တက်ခွင့်မရဘဲ စိတ်ကူးယဉ်မှန်နန်းရာဇဝင်သာ ဒီနေ့ထိတိုင် မော်ကြွားနိုင်ခဲ့တယ်။

မြန်မာအစ တကောင်းကလို့ ဆိုတယ်။ ရှေးဗမာတွေက အိန္ဒိယကိုလည်း ကြွေ၊ ဗုဒ္ဓဘာသာ ယုံကြည်မှုကလည်း မျက်လုံးစုံမှိတ် အရူးအမူးဖြစ်လေတော့ ဂေါတမဘုရားနဲ့ ချိတ်ဆက် သာကီဝင်မင်းမျိုး မင်းကြီးအဘိရာဇာ ဟိုး…အိန္ဒိယကနေ ရောက်လာပြီး တကောင်းမြို့ကြီးကို တည်ထောင်စိုးစံသတဲ့။ သာကီဝင် ဆိုတာ ကမ္ဘာ့ပထမ မဟာသမ္မတမင်းရဲ့အဆက်လို့လည်း ရှေးရာဇဝင်ဆရာတို့က ဆိုလိုက်ကြသေးတယ်။

ကျန်စစ်သားတို့လို၊ ဦးအောင်ဇေယျတို့လို ငတပါးမင်း (မင်းမျိုးမဟုတ်ဘဲ မင်းဖြစ်လာသူ) တွေကိုကျတော့ ဘုရားဗျာဒိတ်တော်အရ ဘုရင်ဖြစ်လာတာလိုလို၊ ဘုရားနဲ့ပဲ အမျိုးတော်စပ်တာလိုလို၊ နေနတ်သားကနေ မွေးဖွားလာတာလိုလိုနဲ့ ဘုရင်မျိုးရိုးမဟုတ်လို့ ဂုဏ်ငယ်ရတာမျိုး မဖြစ်အောင် ဘုရင်အကြိုက် ရာဇဝင်ဆရာတို့က ကလောင်စွမ်းပြခဲ့ကြတယ်။

တူးဖော်တွေ့ရှိချက်တွေအရ တကောင်းဟာ ပုဂံထက်မစောဘူး ဆိုတာ ခေတ်သစ်သမိုင်းဆရာတွေက အကုန်သိပြီးဖြစ်တယ်။ ဒါပေမဲ့ ဒီနေ့ထိတိုင် မြန်မာအစ တကောင်းကနဲ့ သာကီဝင်မင်းမျိုး ဆိုတဲ့ မဟုတ်မဟတ် ဇာတ်လမ်းက များစွာသော ပြည်သူတွေအပေါ် လွှမ်းမိုးထားဆဲပါပဲ။

ဒီကြားထဲ အရင်စစ်အစိုးရလက်ထက်တုန်းက ပုံတောင်ပုံညာမှာ တွေ့တဲ့ ပရိုင်းမိတ်ရုပ်ကြွင်းတွေကို အကြောင်းပြုပြီး အာဏာရှင်ခင်ညွန့်နဲ့ အပေါင်းအပါတွေက လူသားအစ မြန်မာကလိုလို ဂျင်း(ချင်း) အကြီးကြီး ထပ်ထည့်ပြန်ရာ လူမျိုးရေးအစွန်းရောက်တွေက လက်သီးလက်မောင်းတွေတန်းလို့ ဂုဏ်ယူမဆုံး ဖြစ်ခဲ့သေးတယ်။

ပြောရရင် ကိုယ့်ကိုယ်ကိုယ် ကြီးကျယ်ခမ်းနားတဲ့ လူမျိုးတမျိုးအဖြစ် မြင်တတ်အောင် အဲဒီထိုးဇာတ်တွေက အကောင်းဆုံးလှုံ့ဆော်ခဲ့သလို အတိတ်က ရွှေထီးဆောင်းခဲ့တာကို ပြန်မြင်စေပြီး ပစ္စက္ခဘဝကို မေ့စေကာ ကိုယ့်ကိုယ့်ကိုယ် ဟုတ်လှပြီလို့ အထင်ရောက်အောင် ရည်ရွယ်ချက်ရှိရှိ ထိုးဇာတ်ခင်းခဲ့ကြတာများလို့တောင် ဆက်တွေးရပါမယ်။

ဒီကြားထဲ ဗုဒ္ဓရဲ့ အရိပ်အာဝါသအောက်မှာ အင်မတန် အေးချမ်းသာယာတဲ့နိုင်ငံ ဆိုတဲ့  ဘုန်းကြီးတချို့ရဲ့ အမြင်စူးရှမှုတွေကလည်း အလုံပိတ်ကမ္ဘာမှာ ဘဝင်မြင့်စွာနဲ့ နေတတ်ဖို့ အကောင်းဆုံးလမ်းညွှန်ချက် ဖြစ်ပါတယ်။

တကယ်တော့ မြန်မာဆိုတာ တရုတ်နဲ့ အိန္ဒိယ နိုင်ငံကြီး နှစ်နိုင်ငံကြား သေးသေးကွေးကွေး နိုင်ငံတနိုင်ငံ ဖြစ်သလို နိုင်ငံ သေးသလောက် ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ စစ်အာဏာရှင်ကို မြေလှန်ဖို့ အသက်တွေ ဘဝတွေပေးလို့ ရုန်းကန်နေရတဲ့နိုင်ငံ ဖြစ်ပါတယ်။

ဒီနိုင်ငံက အဆက်ဆက်သော လူငယ်တွေဟာ စစ်အာဏာရှင်စနစ်ရဲ့အောက် ဆင်းရဲမွဲတေတဲ့နိုင်ငံမှာ ဘက်ပေါင်းစုံ အနောက်ကျကြီးကျလို့ ဒီနေ့ခေတ် ဂျန်နရေးရှင်းဇက်တွေဟာ စာသင်ခန်းတွေကို စွန့်ခွာ၊ သေနတ်တွေကိုင်ကာ အနာဂတ်မြန်မာမှာ ကိုယ့်ဘဝကိုယ် ပိုင်ဆိုင်ရေး အသက်တွေ စိတ်ကြိုက်ရင်းနေရဆဲပါပဲ။

နွေဦးတော်လှန်ရေး ဆိုတာ စစ်အာဏာရှင်စနစ်တင်မက ဟောင်းနွမ်းဆွေးမြည့်မှုမှန်သမျှကိုပါ အသစ်တဖန် ပြောင်းလဲဖို့ ဖြစ်သလို သမိုင်းအမှားတွေကိုလည်း ငြင်းပယ်၊ အရှိကိုအရှိအတိုင်းနဲ့ ကျနော်တို့ရဲ့ ဘဝင်မြင့်နေမှုတွေကိုလည်း တော်လှန်ရမှာ ဖြစ်ပါတယ်။

ထွန်းလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013