
ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ဦးနိုင်မျိုးသွင်ကို ထားဝယ် ပကဖ DDT နဲ့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့တို့က စက်တင်ဘာ ၂၆ ရက်မှာ ခံဝန်ကတိထိုးခိုင်းပြီး ပြန် လွှတ်ပေးလိုက်တယ်လို့ အဆိုပါတပ်ဖွဲ့တွေက ပြောပါတယ်။
ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုပီတာက“မနက် ၅ နာရီလောက်မှာ သူ့အဖွဲ့သားတွေ လာကြိုနိုင်မယ့်နေရာအထိ ပို့ပေးခဲ့တယ်။ သူ့အဖွဲ့သားတွေနဲ့လည်း ဆက်သွယ်ပေးခဲ့တယ်"လို့ ပြောပါတယ်။
ဦးနိုင်မျိုးသွင်ဟာ နေအိမ်နဲ့ရုံးကို စက်တင်ဘာ ၂၆ ရက်ကတည်းက ပြန်ရောက်လာပြီဖြစ်ကြောင်း ဇမ္ဗူသီရိအဖွဲ့ နဲ့နီးစပ်တဲ့ ထားဝယ်မြို့ခံ ပရဟိတအဖွဲ့တခုရဲ့ အဖွဲ့ဝင်တဦးက အတည်ပြုပါတယ်။
"ပြန်ရောက်နေပါပြီ။ ရုံးကိုတောင် စစ်တပ်ကလာစစ်သွားသေးတယ်။ ပြန်လွတ်လာတဲ့နေ့က စစ်ဆေးခံနေရတယ်ကြားတယ်။"
ဦးနိုင်မျိုးသွင်ကို စက်တင်ဘာ ၁၆ ရက်က လောင်းလုံးမြို့နယ်၊ ကြယ်တောင်အနီး ကျောက်နီမော်ရွာမှာ ကယ်ဆယ်ရေးပြုလုပ်ပြီးပြန်လာစဥ် စစ်ဆေးမေးမြန်းဖို့ ထားဝယ်ပကဖနဲ့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့တို့က ဖမ်းဆီးပြီးနောက် ၁၁ ရက်အကြာ စက်တင်ဘာ ၂၆ မှာ ခံဝန်ကတိနဲ့ပြန်လွှတ်ပေးခဲ့တာပါ။
ကိုပီတာက “ချုပ်နှောင်ထားဖို့ နေရာအခက်အခဲလည်းရှိတယ်။ ပရဟိတသမားဖြစ်လို့ တခြားထောက်ထားရမယ့် အခြေနေတွေလည်းရှိလို့ ခံဝန်ကတိထိုးခိုင်းပြီး လွှတ်လိုက်တာပါ။ နောက်တကြိမ် စစ်ကောင်စီနဲ့ ကိုယ်ကျိုးစီးပွားအတွက် ထပ်ပူးပေါင်းတာမျိုး လုပ်နေဦးမယ်ဆိုရင်တော့ ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်လို့ ခံဝန်ထိုးခိုင်းလိုက်တာပါ" လို့ ပြောပါတယ်။
လိုင်စင်မဲ့ကားကိစ္စ၊ လူမှုရေးကိစ္စ၊ စစ်ကောင်စီနဲ့ဆက်သွယ်တဲ့ ကိစ္စတွေကြောင့် ဦးနိုင်မျိုးသွင်ကို စစ်ဆေးရတာလို့ ထားဝယ်ပကဖနဲ့ ထားဝယ်မြို့ပြပြောက်ကျားအဖွဲ့က စက်တင်ဘာ ၁၈ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
သက်သေခံအနေနဲ့ ဦးနိုင်မျိုးသွင်ရဲ့ လက်ကိုင်ဖုန်း ၂ လုံးကို စက်တင်ဘာလ ၂၇ ရက် ညအထိ သိမ်းဆည်းထားပြီး အချက်အလက်တွေ ကူးယူပြီးတာနဲ့ ပိုင်ရှင်ဆီ ပြန်ပို့ပေးမယ်လို့ ကိုပီတာက ဆက်ပြောပါတယ်။
ဦးနိုင်မျိုးသွင် ဖမ်းဆီးခံထားရစဥ်မှာ အသတ်ခံလိုက်ရပြီဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ပါတယ်။
ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုပီတာက "ဖမ်းထားတဲ့တလျှောက် ကြိုးနဲ့လည်းမတုပ်ဘူး၊ နှိပ်စက်တာလည်းမရှိဘူး။ တာဝန်ယူမှုတာဝန်ခံမှုရှိရှိပဲ။ အစားအသောက် အဝတ်အထည်တွေအားလုံး အပြည့်အစုံနဲ့ထားတာပါ။ ရုံးအဖွဲ့နဲ့ မိသားစုတွေကိုလည်း ဆက်သွယ်ခွင့်ကို ကန့်သတ်ခွင့်ပြုခဲ့တယ်" လို့ တုံ့ပြန်ပြောဆိုပါတယ်။
ဦးနိုင်မျိုးသွင် ဖမ်းဆီးခံထားရစဥ်မှာလည်း ဇမ္ဗူသီရိအဖွဲ့ကတော့ လူမှုကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ပုံမှန်ဆောင်ရွက်ဝန်ဆောင်မှုပေးနေခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
၂၀၂၁ ခုနှစ် မေလက ဇမ္ဗူသီရိအဖွဲ့ဝင် ၅ ဦးကို သပိတ်စစ်ကြောင်းတွေမှာ Medical cover လိုက်တဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီက ဝရမ်းထုတ်ခဲ့ပြီး အဖွဲ့ဝင်တဦးကို ဖမ်းဆီးကာ အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်ကာ နှစ်ရှည်ထောင်ချခဲ့ပါတယ်။