Home
မြန်မာသတင်း
တောင်ကုတ်တွင် လူသတ်ပြီး ပစ္စည်းလုယက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဖမ်းမိ
DVB
·
September 28, 2023

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ ဇူလိုင် ၃၁ ရက်က ကြက်ခြံပိုင်ရှင်တယောက်  သတ်ဖြတ်ခံရကာ ပစ္စည်းတွေကို လုယက်ယူဆောင်သွားခဲ့ပြီး သက်သေခံ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိသူ နှစ်ယောက်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြစ်နေတယ်လို့ မိသားစုထံက သိရပါတယ်။

အသတ်ခံခဲ့ရသူဟာ တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက်မှ ဦးစံသိန်းအောင်(၄၅ နှစ်)  ဖြစ်ပြီးတော့ တောင်ကုတ်မြို့နယ် မီးချောင်းထိုးကျေးရွာအနီးရှိ သူ့ရဲ့ကြက်ခြံကနေ အပြန်မှာ တောင်ကုတ်တက္ကသိုလ်အနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အနီးမှာ သတ်ဖြတ်ခံခဲ့ရကာ သူရဲ့ ဆိုင်ကယ်၊ ဖုန်းနဲ့ ငွေသားအချို့ကို လုယက်ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီလို သတ်ဖြတ်ခံရပြီးနောက် သူရဲ့ဖုန်းနဲ့ ဆိုင်ကယ်တွေကို လိုက်လံဖမ်းဆီးရမိတဲ့အခါမှာ လက်ဝယ်ရမိတဲ့သူတွေဟာ စစ်ကောင်စီ တပ်သားတွေဖြစ်နေတယ်လို့ သတ်ဖြတ်ခံခဲ့ရတဲ့ ဦးစံသိန်းအောင်ရဲ့ မိသားစုဝင် တစ်ဦးကပြောပါတယ်။

"အခုတော့ သူရဲ့ဖုန်းနဲ့ ဆိုင်ကယ်လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးရထားသူ နှစ်ဦးရှိတယ်။ အဲဒီ နှစ်ဦးလုံးစလုံးက ခမရ ၃၄၆ တပ်ရင်းက တပ်သားအဆင့်ရှိတဲ့ တပ်သား ဝင်းထွဋ်လွင်နဲ့ တပ်သား ကောင်းမြတ်အောင် ဆိုသူတို့ဖြစ်ကြတယ်။ တပ်သား ဝင်းထွဋ်လွင်ကိုတော့ သြဂုတ်လ ၁ ရက်နေ့က ဖုန်းနဲ့အတူ လက်ဝယ်ဖမ်းဆီးရခဲ့တာဖြစ်ပြီး တပ်သားကောင်းမြတ်အောင်ကိုတော့ စက်တင်ဘာလ ၂၆ ရက်နေ့မှာ ဆိုင်ကယ်လက်ဝယ်တွေမှုနဲ့ ဖမ်းဆီးရမိတာဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံးဟာ စစ်သားတွေဖြစ်ကြတာကြောင့် ရဲလက်ထဲကနေ စစ်တပ်ဖက်ကို လွှဲပြောင်းပေးထားရပြီး ဘယ်လိုစီရင်စစ်ဆေးနေလဲဆိုတာ မသိရဘူး" ဘူးလို့ပြောပါတယ်။

ဦးစံသိန်းအောင် သတ်ဖြတ်ခံရပြီးနောက် ဩဂုတ်လ ၁ ရက်နေ့မှာ ဦးစံသိန်းအောင် ကိုင်ဆောင်ခဲ့တဲ့ ဖုန်းကို  စစ်ကောင်စီတပ်သားဝင်းထွဋ်လွင် ကဖုန်းဆိုင်မှာ ဖုန်းလျော့ဝှက်ကုတ် လာဖျက်ရာမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး  တောင်ကုတ်အခြေစိုက် ခမရ ၃၄၆ တပ်ရင်းကတပ်သား အဆင့်ရှိသူဖြစ်နေတဲ့အတွက် စစ်တပ်ဖက်က ယူဆောင်သွားခဲ့ပါတယ်။

ဒါအပြင် စက်တင်ဘာ ၂၆ ရက်မှာတော့ ဦးစံသိန်းအောင် စီးနင်းခဲ့တဲ့ ဆိုင်ကယ်ကို စစ်ကောင်စီတပ်သားကောင်းမြတ်အောင်က တောင်ကုတ်မြို့မှာ လာရောက်ရောင်းချရမှာ မိသားစုဝင်တွေနဲ့ ရဲတွေက ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ 

အခုဖမ်းဆီးရမိတဲ့ ကောင်းမြတ်အောင်ဟာလည်း တောင်ကုတ်အခြေစိုက် ခမရ ၃၄၆ တပ်ရင်းက တပ်သားအဆင့်ရှိသူဖြစ်ပြီးတော့ ရဲလက်ကနေ တပ်ဖက်ကယူဆောင်ခဲ့တယ်လို့သိရပါတယ်။

တောင်ကုတ်မြို့မှာ စစ်ကောင်စီ တပ်သားတွေက လူသတ် လုယက်နေတာဟာ  စိုးရိမ်စရာကောင်ပြီး စစ်ကောင်စီရဲ့ ဒုစရိုက်မှုတွေ လွှတ်ပေးထားတာကြောင့်ဖြစ်ရတာလို့ တောင်ကုတ်မြို့ခံ တစ်ဦးကပြောပါတယ်။

“ဒီလို မြို့အနီးမှာ စစ်ကောင်စီ တပ်သားတွေက လုယက်သတ်ဖြတ်မှုတွေ ပြုလုပ်လာတာဟာ  တော်တော်လည်းကို စိုးရိမ်စရာ ကောင်းပြီးတော့ လုံခြုံမှုနဲ့ တရားဥပဒေစိုးမိုးမှုကိုပါ ကျိုးဖျက် ကျူးလွန်နေတာဆိုတော့ တော်တော်လည်း အန္တရာယ်ရှိလာပြီးဖြစ်တယ်။ စစ်ကောင်စီတပ်သားတွေဒီလို ကျူးလွန်လာတာဟာ စစ်တပ်ရဲ့မင်းမဲ့စရိုက်ကိုပြသနေတာဖြစ်ပြီး ဒုစရိုက်မှုတွေကို လွတ်ပေးတာကြောင့် ဖြစ်လာတာ" လို့ပြောပါတယ်။

ဦးစံသိန်းအောင် အသတ်ခံရတဲ့ နေရာမှာ တွေရှိရတဲ့ ဖိနပ်တွေမှာ အခုဖမ်းဆီးရထားတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးနဲ့ ကိုက်ညီမှုမရှိသေးကြောင့် ပြစ်မှုကျူးလွန်သူတွေဟာ စစ်ကောင်စီ တပ်သား နှစ်ဦးအပါဝင် နောက်ထပ် နှစ်ဦးလောက်လည်း ရှိနိုင်သေးတယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။

ဦးစံသိန်းအောင်ရဲ့ ဆိုင်ကယ်မှာ သူရဲ့သွေးတွေစွန်းထင်နေတုန်းဖြစ်ပြီးတော့  စစ်ကောင်စီဘက်က သူတို့တပ်သားတွေရဲ့ ရာဇဝတ်မှုကျူးလွန်မှုကို ဖုံးဖိဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေက ဝေဖန်မှုရှိနေကြပါတယ်။

ဦးစံသိန်းအောင်ရဲ့ ဘယ်ဘက် ရင်အုံမှာ ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဘယ်ဘက် ရင်အုံနောက်မှာ ထိုးသွင်းဒဏ် တချက်နဲ့  ဦးခေါင်းနောက်စေ့မှာ ပြတ်ရှဒဏ်ရာတချက်၊ ညာဘက်ဘေးစောင်းမှာ ပြတ်ရှဒဏ်ရာ တချက်တို့နဲ့ သေဆုံးတွေ့ရှိခဲ့တာလို့ ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။

ပြစ်မှုကျူးလွန်းသူတွေကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၂ နဲ့ ရဲက အမှုဖွင့်ထားခဲ့ပေမဲ့ လက်ရှိမှာ စစ်တပ်တွင်း ဘယ်ပုဒ်မနဲ့ အရေးယူဆောင်ရွက်နေတယ် ဆိုတာကို မသိရဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ဓာတ်ပုံ- လူသတ်မှုကျူးလွန်ပြီး ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်က တပ်သားဝင်းထွဋ်လွင်နဲ့ တပ်သားကောင်းမြတ်အောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024