DVB Logo
Home
မြန်မာသတင်း
ပုသိမ် ပြည်တော်သာ ဝန်ထမ်းအိမ်ရာကနေ CDM များအပါအဝင် အိမ်ထောင်စု ၁၅၀ ကို ဖယ်ရှား
DVB
·
September 28, 2023
ပုသိမ် ပြည်တော်သာ ဝန်ထမ်းအိမ်ရာကနေ CDM များအပါအဝင် အိမ်ထောင်စု ၁၅၀ ကို ဖယ်ရှား
1 / 2
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ပြည်တော်သာ ဝန်ထမ်းအိမ်ရာကနေ CDM ဝန်ထမ်းတွေရော၊ CDM မဟုတ်တဲ့ အိမ်ထောင်စု ၁၅၀ လောက်ကို စစ်ကောင်စီက မနက်ဖြန် စက်တင်ဘာ ၂၉ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားခိုင်းထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမှတ် ၄ ရပ်ကွက်၊ ပြည်တော်သာဝင်းထဲမှာရှိတဲ့ အဲဒီအိမ်ရာမှာ အရင်ကတော့ ခရိုင်အဆင့်နဲ့ အထက် ဌာနဆိုင်ရာ တာဝန်ရှိသူ ဝန်ထမ်းနဲ့ မိသားစုတွေပဲ နေထိုင်ခဲ့ကြရတာဖြစ်ပြီး အခု ဖယ်ရှားရမယ့်အထဲမှာ ထွေအုပ်က ဝန်ထမ်းအများစုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “အိုးအိမ်နဲ့ နယ်လုံအမိန့်နဲ့ဖယ်ခိုင်းတာ။ တချို့ဆီကို စာက ၂၆ ရက်နေ့ လောက်ကမှ ရတာ။ အကြောင်းပြချက်မရှိဘူး။ ဝန်ထမ်းတွေက အဲဒါ တောင်းတယ်။ မပေးဘူး။ တချို့ကလည်း အသနားခံစာတင် ဖို့လုပ်နေတယ်” လို့ ပြောပါတယ်။

ဒီအိမ်ရာမှာ ဝန်ထမ်းတွေပဲ နေထိုင်ခွင့်ရတာကြောင့် မိသားစုထဲမှာ ဝန်ထမ်း တယောက်ယောက် ရှိနေအောင် အလုပ်သွင်းပြီး အစဉ်အဆက် နေထိုင်လာခဲ့ကြတယ်လို့ သူက ပြောပါတယ်။

ဒီအစောပိုင်းကတော့ အိမ်ခန်း ၃၃ ခန်းက မိသားစုတွေကို ဖယ်ရှားခိုင်းခဲ့ပြီး မကြာခင်ရက်ပိုင်းမှာပဲ အိမ်ခန်း ၁၄၉ ခန်းက မိသားစုတွေကို ဖယ်ရှားခိုင်းလာတာပါ။

ပထမ ပြောင်းရွှေ့ခိုင်းတဲ့ ၃၃ ခန်းထဲမှာ CDM ဝန်ထမ်းက ၃၊ ၄ မိသားစုလောက်ပဲပါပြီး ကျန်တဲ့သူအများစုက ပင်စင်စားတွေနဲ့ အိမ်ခန်းဝယ်နေသူတွေ ဖြစ်တယ်လို့ ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

တိုက်ခန်းတွေပြင်ဖို့အကြောင်းပြချက်နဲ့ဖယ်ခိုင်းတာဖြစ်ပြီး အဲဒီမြေနေရာကို စီးပွားရေး သမားတွေဆီ ရောင်းချထားတယ်လို့ သတင်းထွက်နေကြောင်းလည်း ဆိုပါတယ်။

အိမ်ရာကနေ ဖယ်ရှားဖို့ တိုင်းအစိုးရအဖွဲ့၊ ပြည်တော်သာအိမ်ရာ နေထိုင်မှုအခြေအနေ စိစစ်ရေးကော်မတီက နေထိုင်သူတွေဆီ ပေးပို့ထားတဲ့စာမှာတော့ မူလအိမ်ငှားဦးစီးနဲ့ မသက်ဆိုင်သူတွေ၊ တဆင့်ငှားရမ်းထားသူတွေ၊ ရောင်းချဝယ်ယူနေထိုင်သူတွေနဲ့ လာရောက် စစ်ဆေးမခံသူတွေနဲ့ အိမ်ခန်းပိတ်ထားသူတွေကို တွေ့ရတာကြောင့် ဖယ်ရှားခိုင်းတာလို့ ဖော်ပြထားပါတယ်။

ဒေသခံတယောက်က “သူတို့ဘာသာ ရေးထားတာ။ အခုဖယ်ခိုင်းထားတာက အနည်းဆုံး ဝန်ထမ်းတယောက်ယောက်တော့ ရှိနေတာပဲ။ CDM တွေကတော့ ဖယ်ပေးမယ်လို့ ပြောထားတာ။ အခုက မိသားစုထဲမှာ CDM လုံးဝမရှိသူတွေပါ ဖယ်ခိုင်းတော့ ပွဲဆူနေတာပေါ့။ သူတို့ကိုလည်း သနားရမလိုလို၊ မသနားရမလိုလိုပါပဲ။ တကယ်လို့ အဲဒီ ၁၄၉ ခန်းလုံးဖယ်ရမယ်ဆိုရင် မြို့ပေါ်မှာ အိမ်ငှားဖို့တောင် မလွယ်ဘူး” လို့ ပြောပါတယ်။

အဲဒီ ပြည်တော်သာအိမ်ရာကို တိုင်းမြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက စီမံခန့်ခွဲနေတာဖြစ်ပြီး ၂ ထပ်တိုက်နဲ့ လုံးချင်းအိမ်တွေမှာ အခန်းပေါင်း ၃၅၀ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013