DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းမြို့နယ်၌ စစ်တပ်က ရွာမီးရှို့၊ လေကြောင်းရန်ကြောင့် ဒီပဲယင်းဒေသခံ ၅,၀၀၀ ကျော် တိမ်းရှောင် 
DVB
·
September 27, 2023
စစ်ကိုင်းမြို့နယ်၌ စစ်တပ်က ရွာမီးရှို့၊ လေကြောင်းရန်ကြောင့် ဒီပဲယင်းဒေသခံ ၅,၀၀၀ ကျော် တိမ်းရှောင် 
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကံကြီးကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဒီနေ့ စက်တင်ဘာ ၂၇ ရက် နေ့ခင်း ၁ နာရီလောက်က မီးရှို့ခဲ့တယ်လို့ ဒေသခံ ရွာသားတွေဆီကနေ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ စစ်ကိုင်းမြို့ မီးရထားစက်ခေါင်းရုံရှိတဲ့ ရွာထောင်ရွာကနေ လာရောက်မီးရှို့နေတာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံရွာသားတဦးက “ရွာကို အကြောင်းမဲ့ မီးရှို့တာဟာ စစ်ကောင်စီအကျင့်ပဲလေ။ သူတို့ ရှို့ချင်ရှို့တယ်၊ မရှို့ချင်ရင် မရှို့ဘူး။ မြန်မာနိုင်ငံမှာက မင်းအောင်လှိုင်နဲ့ စစ်ကောင်စီ စစ်(--)တွေအတွက်ကတော့ ဘယ်ဥပဒေမှ မရှိဘူးဆိုတာမျိုး ဖြစ်နေတာ။ အခုဟာက သူတို့စစ်ကြောင်း စထွက်လာတုန်းကတော့ ပြည်သူ့ကာကွယ်ရေးတွေဘက်က မိုင်းဆွဲတာတွေ၊ ထိပ်တိုက် တိုက်ပွဲတွေ ဖြစ်ကြသေးတယ်။ အဲဒီတိုက်ပွဲကလည်း ကျနော်တို့ရွာနဲ့ ဝေးတယ်။ အခုဟာက အကြောင်းမဲ့ကို ကျနော်တို့ရွာကို မီးရှို့‌နေတာပါ” လို့ ပြောပါတယ်။

အဆိုပါ ကံကြီးကုန်း ရွာသူ ရွာသားအများစုကတော့ မေလ ၂၂ ရက်က ပဒူရွာအနီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လေယာဉ်နဲ့ ပစ်ခတ်တဲ့အချိန်ကစလို့ ကျေးရွာအတွင်းမှာ မနေရဲတော့ဘဲ စစ်ဘေးရှောင်နေရတာ ၄ လနီးပါးအထိ ရှိနေပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းနယ်ခံ ကာကွယ်ရေးခေါင်းဆောင်တဦးက“အဲရွာက အိမ်ခြေ ၄၀၀ နီးပါးရှိတဲ့ ရွာကြီးတရွာပါဗျ။ စစ်‌ကောင်စီတပ်က ရွာကို မီးရှို့နေတာတော့ ဟုတ်တယ်။ အခုထိလည်း ရှို့နေတယ်။ ကျေးရွာအတွင်းကနေလည်း စစ်(--)တွေက မထွက်သေးဘူး။ အဲလိုမထွက်သေးတော့ မီးလောင်ဆုံးရှုံးပျက်စီးတဲ့ အရေအတွက်ကတော့ လတ်တလော မသိနိုင်သေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ စစ်ကိုင်း-ဝက်လက်-ရွှေဘို မီးရထားလမ်းပိုင်း ပြုပြင်တာကို အကြောင်းပြပြီး မီးရထားလမ်းပိုင်းအနီးက ဒေသခံရွာတွေကို မီးရှို့တာတွေ အကြိမ်ကြိမ် ပြုလုပ်သလို စစ်ကိုင်း၊ ဝက်လက်မြို့နယ်အတွင်းက ကျေးရွာ ၅ ရွာထက်မနည်း စစ်ကောင်စီတပ်က မီးရှို့တာတွေ ပြုလုပ်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာတော့  လေကြောင်းအန္တရာယ်ကြောင့် ဒေသခံ ၅,၀၀၀ ကျော် အရေးပေါ် တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေး ကူညီပေးသူတွေထံက သိရပါတယ်။

စက်တင်ဘာ ၂၆ ရက် မနက်အစောပိုင်းမှာ ဒီပဲယင်းမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ညောင်လှကျေးရွာအနီးမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်က အထိနာခဲ့တဲ့အတွက် နေ့လယ် ၁၁ နာရီလောက်မှာ ညောင်လှကျေးရွာအနီးကို Mi 35 စစ်ရဟတ်ယာဉ်နဲ့ လေကြောင်းပစ်ကူခဲ့တာ ဖြစ်ပါတယ်။

မနက်ပိုင်း မိုင်းဆွဲတိုက်ခိုက်မှုပြီးကတည်းက ညောင်လှကျေးရွာနဲ့ အနီးဝန်းကျင် ကျေးရွာတွေက ဒေသခံ ၅,၀၀၀ ကျော် အရေးပေါ် တိမ်းရှောင်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ရှောင်တွေဟာ အနီးဝန်းကျင်ကျေးရွာတွေက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ ယာယီနေထိုင်နေကြရပါတယ်။

စစ်ရှောင်အရေး ကူညီနေသူတဦးက “ညောင်လှအနီးတဝိုက်ကို ၃ ကြိမ်တိတိ လေကြောင်းက လာပစ်သွားပါတယ်။ ပြည်သူတွေက မိုင်းဆွဲမှုပြီးကတည်းက အရေးပေါ် တိမ်းရှောင်ခဲ့တာပါ။ လေကြောင်းကပစ်တာကြောင့် ထိခိုက်မှုကိုတော့ မသိရသေးပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်ကို ကူးသန်းနေပြီး စစ်ကြောင်း ပြန်ထွက်တဲ့အခါမှသာ စစ်ရှောင်တွေက နေရပ်ပြန်ရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013