Home
မြန်မာသတင်း
ဒီပဲယင်းနှင့် ဂန့်ဂေါမြို့နယ်ရှိ စစ်ဘေးရှောင်များတွက် စားနပ်ရိက္ခာထောက်ပံ့
DVB
·
September 27, 2023
Donation08_27092023
Donation07_27092023
Donation06_27092023
Donation05_27092023
Donation04_27092023
Donation03_27092023
Donation02_27092023
Donation01_27092023

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက စစ်ရှောင်ပြည်သူလူထု ၁၈၀၀ ကျော်အတွက် ပြည်သူလူထုရဲ့ ထည့်ဝင်လှူဒါန်းမှုနဲ့  အခြေခံ စားနပ်ရိက္ခာတွေ  ပေးအပ်ထောက်ပံ့နိုင်ခဲ့တယ်လို့  စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဖြစ်တဲ့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ထံက  သိရပါတယ်။

ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ရဲ့ တာဝန်ခံ ကိုကြီးဖြိုးက "လက်ရှိတခေါက်ကတော့ ဆန် ၆ ပြည်နဲ့ ဆီ ၅၀ သားထောက်ပံ့ပေးနိုင်ခဲ့တာပါ။ ဒါကလည်း အနယ်နယ်အရပ်ရပ်က ပြည်သူလူထုရဲ့ လှူဒါန်းမှုတွ ဖြစ်ပါတယ်။ ရေရှည်စစ်ရှောင်နဲ့ ယာယီရှောင်တခင် စစ်ရှောင်ဆိုပြီး နှစ်ပိုင်းခွဲပြီး ကူညီနေတာပါဗျ"လို့ ပြောပါတယ်။

စစ်ဘေးရှောင်နေကြတာ ၆ လကျော်ရှိနေပြီဖြစ်တဲ့ ဒီပဲယင်းမြို့ပေါ်က တက်ကြွလှုပ်ရှားသူတွေ၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူတွေအပါအဝင် စုစုပေါင်း အိမ်ထောင်စု ၁၆၀ ကျော်၊ လူဦးရေ ၁၈၀၀ ကျော်ကို လိုအပ်တဲ့ အခြေခံ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ဘေးရှောင်တွေဟာ လက်ရှိအချိန်မှာတော့ ပေါင်းနုတ်၊ ကောက်စိုက်စတဲ့ အခြေခံလုပ်ငန်းလေးတွေ လုပ်ကိုင်ရင်း အသက်မွေးနေရတယ်လို့ ဒေသခံ စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။

ဒေသခံ စစ်ရှောင်ပြည်သူတဦးကတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်း စာနာထောက်ထားမှု အဖွဲ့တွေက ကူညီမှုတချို့ရှိနေပေမဲ့ အချိန်နဲ့ တပြေးညီ မရရှိနိုင်ဖြစ်နေပြီး စစ်ရှောင်ရွာကို ပြန်လည်ရောက်ရှိမှ ထောက်ပံ့မှုတွေရရှိတာဖြစ်လို့ အခက်အခဲတချို့ ရှိနေတယ်လို့ ဒီဗွီဘီကို ပြောပြပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာလည်း ဂန့်ဂေါပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စစ်ဘေးရှောင်‌တွေနဲ့ လက်နက်ကြီးထိမှန်တဲ့ ဒေသခံ‌အချို့ကို စက်တင်ဘာ ၂၆ ရက်က ထောက်ပံ့ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

စစ်‌ကောင်စီစစ်ကြောင်းရန်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ ကန်ကျေးရွာက ပြည်သူတွေနဲ့ လက်နက်ကြီးကြောင့် ထိခိုက်ကျဆုံးထားတဲ့ ဒေသခံ ၉ ဦးကို ထောက်ပံ့ငွေနဲ့ စားနပ်ရိက္ခာတွေ ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံက "စစ်တပ်ရဲ့ လက်နက်ကြီးမှန် ထိခိုက် ကျဆုံးသွားတဲ့ တောင်ခင်ရန်းနှင့် မြင်သားရွာ ကဒေသခံ ၉ ဦးကို တဦးကို ၁ သိန်းစီ ထောက်ပံ့ခဲ့တာ။ စစ်ဘေးရှောင်တွေကိုတော့ ၅၂၅၀၀၀ ထောက်ပံ့ငွေပေးတယ်။ တခြားလိုအပ်တဲ့ စားနပ်ရိက္ခာတွေလည်း ထောက်ပံ့ခဲ့တယ်" လို့ ပြောပါတယ်။

စစ်ကောင်စီက ဂန့်‌ဂေါမြို့နယ် မြောက်ပိုင်းကို မကြာခဏ ထိုးစစ်ဆင်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ဒေသခံထောင်ချီ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။

ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ ဂန့်ဂေါစစ်ဘေးရှောင်ပြည်သူတွေအတွက် ပူးပေါင်းပါဝင် ကူညီပေးကြဖို့ ဂန့်ဂေါပအဖက တိုက်တွန်းနှိုးဆော်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024