DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက အန်အယ်လ်ဒီပါတီဝင် ၁၀၀ ခန့်ကို အကြမ်းဖက် သတ်ဖြတ်၊ ၁၇၀၀ ကျော်ကို ဖမ်းဆီးထား
DVB
·
September 27, 2023
စစ်ကောင်စီက အန်အယ်လ်ဒီပါတီဝင် ၁၀၀ ခန့်ကို အကြမ်းဖက် သတ်ဖြတ်၊ ၁၇၀၀ ကျော်ကို ဖမ်းဆီးထား
Donate to DVB

အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ ပါတီဝင်ပေါင်း ၁၀၀ နီးပါးအထိ ရှိလာနေသလို ပါတီဝင် ၁၇၀၀ ကျော်လည်း ဖမ်းဆီးထိန်းသိမ်း အကျဉ်းချခံထားရတယ်လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ပါတီထူထောင်ခြင်း  ၃၅ နှစ်ပြည့်အခမ်းအနားမှာ အဲဒီလို ထုတ်ပြန်လိုက်တာပါ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ပါတီဝင်အများအပြားကို ဖမ်းဆီးကျဉ်းချထားတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သူတွေကို စစ်ကောင်စီက ဖမ်းဆီးကျဉ်းချထားရာမှာ လက်ရှိမှာတော့ ၁၅၈၃၈ ဦးရှိပြီး  အဲဒီထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁၇၆၉ ယောက်လည်း ပါဝင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၄၀၁၁ ယောက်ရှိပြီဖြစ်ပြီး အဲဒီထဲမှာ အန်အယ်လ်ဒီ ပါတီဝင် ၉၇ ဦး လည်းပါဝင်တယ်လို့ ပါတီဗဟိုအလုပ်ကော်မတီဝင်  ဦးကျော်ထွေးက ပြောပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီက ပြည်သူ ၆၈၈ ယောက်ရဲ့ ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်သိမ်းဆည်းထားခဲ့ပြီး အဲဒီထဲမှာ အန်အယ်လ်ဒီ ပါတီဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေ အများဆုံးသိမ်းဆည်းခံခဲ့ရတာဖြစ်ပြီး ပါတီဝင် ၃၇၃ ယောက်ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ စစ်ကောင်စီနဲ့ မပူးပေါင်းတဲ့ နိုင်ငံရေးပါတီတွေနဲ့ ထိတွေ့ဆက်ဆံပြီး ဖက်ဒရယ်ဒီမိုကရေစီအရေးနဲ့ တော်လှန်ရေးအောင်နိုင်ဖို့အရေးတွေကို ဆွေးနွေးတာတွေလည်းရှိတယ်လို့ ၃၅ နှစ် ပြည့်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ဒါ့အပြင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ စစ်ဘေးသင့်ပြည်သူတွေကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေပေးဖို့၊ အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုတွေကို အမြန်ဆုံးရပ်တန့်နိုင်ဖို့အတွက် နိုင်ငံတကာအနေနဲ့လည်း အားဖြည့်ကူညီဖို့ကိုလည်း တိုက်တွန်းပါတယ်။

ကုလအရည်ချင်းစစ်ကော်မတီအနေနဲ့လည်း လူထုထောက်ခံမှုနဲ့ဖွဲ့စည်းထားတဲ့ အစိုးရက ခန့်အပ်တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ မြန်မာနိုင်ငံကိုယ်စားပြုတဲ့ကိုယ်စားလှယ်အဖြစ် ဆက်လက် ထားရှိဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ 

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးအပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ  စတင်ထူထောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲတိုင်းမှာ  အပြတ်အသတ် အနိုင်ရထားခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ 

၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တုန်းကလည်း နဝတစစ်အစိုးရက အာဏာမလွှဲပေးခဲ့ပါဘူး။

အဲဒီနောက် ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာတော့ ဝင်မပြိုင်ခဲ့ဘဲ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကျမှ ပြန်ဝင်ခဲ့တာဖြစ်ပြီး တစ်ပြည်လုံးအတိုင်းအတာနဲ့အနိုင်ရခဲ့တာကြောင့် အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ 

အဲဒီနောက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာလည်း အန်အယ်ဒီပါတီကပဲ အပြတ်အသတ် ထပ်မံအနိုင်ရခဲ့ကာ စစ်တပ်ထောက်ခံတဲ့ ပါတီက ရှုံးနိမ့်သွားပြီးနောက်   စစ်တပ်က မဲစာရင်း အကြောင်းပြပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ကာ အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ 

ထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013