ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်မှာ ပျူစောထီးတပ်ဖွဲ့၀င်နဲ့ စစ်ကောင်စီတပ်သားတွေ အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင်သစ် တယောက် သေနတ်ကျည်ဆန်ထိမှန် ဒဏ်ရာရသွားလို့ အရေးပေါ် ဆေးရုံတင်လိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စက်တင်ဘာ ၂၆ ရက်က နတ်တလင်းမြို့နဲ့ တာပွန်မြို့တွေပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့က သင်တန်းဆင်း ပျူတွေနဲ့အတူ အင်အားပြ လှည့်လည်သွားလာကြရင်း အချင်းချင်း ရန်ဖြစ်ကြပြီး စစ်ကောင်စီ တပ်သားတယောက်က သေနတ်နဲ့ပစ်လိုက်တာကြောင့် ပျူတယောက် သေနတ်မှန်ပြီး၊ အရေးပေါ်ဆေးရုံတင်လိုက်ရတယ်လို့ နတ်တလင်းမြို့ခံက ပြောပါတယ်။
တာပွန်မြို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်တယောက်က “သူတို့ မနေ့ကတည်းက ယူနီဖောင်းအသစ်တွေနဲ့ နတ်တလင်းမြို့ကို ပတ်နေကြတာ။ ဒီနေ့တော့ တာပွန်ဘက်ကို ရောက်လာကြတာ သေနတ်တွေနဲ့ ဆိုင်ကယ်တွေ လျှောက်ပတ်စီးပြီး အင်အားပြနေတာ။ လူတွေက ဆေးကွဲနေတဲ့ပုံစံတွေနဲ့ မနက်ကတည်းက မြို့ထဲမှာ နေရာအစုံမှာ တွေ့နေရတာ။ နေ့ခင်းဘက်မှာ တာပွန်အထွက်က သခွပ်တန်း၊ သီရိဇေယျ တံတားနားမှာ ရန်ဖြစ်ကြတာ။ စစ်ကောင်စီတပ်သားက သေနတ်နဲ့ ပစ်လိုက်တာ၊ ပျူအသစ်လေးကို ဗိုက်ပွင့်သွားတယ်။ ချက်ချင်း အရေးပေါ် ကားခေါ်ပြီးတော့ ရွှေတောင်ဆေးရုံကို တန်းခေါ်သွားတယ်။ သူတို့ကတော့ သတင်းကို အုပ်ထားတယ်။ မတော်တဆ ကျည်ထွက်သွားတယ်လို့လည်း ဖုံးထားတယ်” လို့ ပြောပါတယ်။
သေနတ်မှန်သူက အုတ်တွင်းကုန်းကျေးရွာက ကိုခင်မောင်အေး ဖြစ်ပြီး လက်ရှိမှာတော့ ရွှေတောင်ဆေးရုံမှာ အခြေအနေမကောင်းတာကြောင့် ရန်ကုန်ဆေးရုံကြီးကို အရေးပေါ် သယ်ယူသွားပြီလို့ သိရပါတယ်။