Home
မြန်မာသတင်း
တနင်္သာရီတွင် အမျိုးသား ၁ ဦး လည်လှီးအသတ်ခံရ
DVB
·
September 27, 2023

တနင်္သာရီမြို့နယ်၊ တကူတိုက်ကျေးရွာအုပ်စုမှာ ဥယျာဉ်ခြံသွားတဲ့ အမျိုးသားတယောက် ဥယျာဉ်အတွင်း လည်လှီးပြီး အသတ်ခံလိုက်ရတယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။

သေဆုံးသူ အမျိုးသားမှာ အသက် ၄၅ နှစ်အရွယ် ဦးမင်းဇော် ဖြစ်ပြီး စက်တင်ဘာ ၂၅ ရက် နေ့လယ် ၁ နာရီလောက်က ငှက်‌‌ပျောရွက်ခုတ်ဖို့ ဥယျာဉ်ခြံကို ထွက်သွားချိန် အသတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

ဥယျာဉ်ခြံကိုထွက်သွားပြီး ညနေ ၅ နာရီလောက်အထိ နေအိမ်ကို ပြန်မရောက်သေးတာကြောင့် သူ့မိသားစုဝင်တွေက ဥယျာဉ်ခြံကို သွားကြည့်ရာ ဆိုင်ကယ်တစီးကိုသာ တွေ့ရှိခဲ့တာကြောင့် ရွာမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ သွားရောက်ရှာဖွေရာ ဓားဒဏ်ရာနဲ့ သေဆုံးနေတဲ့ ဦးမင်းဇော်ရဲ့အလောင်းကို တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

ဒေသခံပြည်သူတဦးက “သွေးအိုင်မှာက သူ့မှာပါလာတဲ့ ငှက်ပျောရွက်လှီးပြီးရင် ထည့်တဲ့ဟာနဲ့ သွေးအိုင်ကို ဖုံးထားတယ်။ ဓားကို မြေကြီးမှာ စိုက်ထားတယ်။ သူ့မှာပါတဲ့ပစ္စည်းတွေ တခုမှ မယူသွားဘူး” လို့ ပြောပါတယ်။

အဆိုပါသေဆုံးသူအလောင်းကို ည ၇ နာရီ‌မှာ တွေ့ရှိခဲ့တာဖြစ်ပြီး လည်ပင်းကို ဓားနဲ့လှီးဖြတ်ကာ အသတ်ခံထားရတာဖြစ်တယ်လို့ သိရပါတယ်။

ဦးမင်းဇော် အသတ်ခံရတာနဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပြီး ဦးမင်းဇော်ကို သတ်ခဲ့တဲ့ တရားခံမှာ လူတယောက်တည်းကနေ သတ်ဖြတ်သွားတာမျိုး မဟုတ်ဘဲ အဖွဲ့လိုက် လုပ်‌ဆောင်ပြီး သတ်ဖြတ်သွားတာဖြစ်တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူ့ကိုသတ်တာက ဘယ်သူသတ်မှန်းတော့ မသိသေးဘူး။ ဒါပေမဲ့ တယောက်တည်း သတ်တယ်လို့တော့ မယူဆဘူး။ အဖွဲ့လိုက် သတ်တယ်လို့တော့ ယူဆတယ်။ ဘာဖြစ်လို့ဆိုတော့ လက်မှာက ပွန်းပဲ့ဒဏ်ရာလောက်ပဲရှိတယ်။ ဒဏ်ရာဆို လည်ပင်းမှာ လည်လှီးဒဏ်ရာ တခုပဲရှိတယ်။”

ဦးမင်းဇော် အသတ်ခံရတဲ့နေရာတဝိုက်ကိုတော့ အခုရက်ပိုင်းတွေမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး သွားလာလှုပ်ရှားတာမျိုး မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အသတ်ခံရတဲ့ ဦးမင်းဇော်ဟာ ပြီးခဲ့တဲ့ မေလတုန်းက တနင်္သာရီမြို့နယ်အတွင်းရှိ နဂါးနက်အဖွဲ့ရဲ့ လည်လှီးသတ်ဖြတ်ခံလိုက်ရတဲ့ ကိုဘိုငယ် နဲ့လည်း ယောက်ဖ‌တော်စပ်သူတဦး ဖြစ်ပါတယ်။

ကိုဘိုငယ်မှာ သရက်သီးလုရင်း ခိုက်ရန်ဖြစ်ပွားပြီး လူတဦးကို သတ်လိုက်တာကြောင့် ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ ဖမ်းဆီးထိန်းသိမ်းထားရာက နဂါးနက်အဖွဲ့က လာရောက်ခေါ်ဆောင်သွားကာ သတ်ဖြတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း အသတ်ခံရတဲ့ ဦးမင်းဇော်ရဲ့ နေအိမ်နဲ့ ၅ အိမ်ကျော်လောက်မှာ နေထိုင်တဲ့ အမျိုးသားတဦးလည်း တရားခံမပေါ်ဘဲ လည်လှီးပြီး အသတ်ခံခဲ့ရသေးတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် တနင်္သာရီမြို့နယ်မှာ အခုလို တရားခံမပေါ်ဘဲ သတ်ဖြတ်ခံတဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပေါ်နေပြီး အသတ်ခံရတဲ့ ဖြစ်စဉ်တွေမှာ လက်သည်တရားခံ မပေါ်ဘဲ သတ်ဖြတ်ခံထားရတာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024