
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ မေ ၃၀ ရက်က စစ်မှုထမ်းတပ်သားသစ်တယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) ဆီကနေ သိရပါတယ်။
ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့တပ်ဖွဲ့ဆီကို လက်နက်နဲ့အတူ အလင်းဝင်လာတဲ့သူက ဂန့်ဂေါ ခလရ ၅၀ မှာ တာဝန်ကျနေတဲ့ အဓမ္မပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မှုထမ်းနေရတဲ့သူ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အလင်းဝင်ရောက်လာတဲ့ အဆိုပါ စစ်မှုထမ်းတပ်သားသစ်ဟာ MA1 သေနတ်တလက်၊ ကျည်ဘောက် ၃ ခုနဲ့ ကျည်အတောင့် ၂၈၀ တို့ကိုလည်း ယူဆောင်လာခဲ့လို့ ဆုကြေးငွေ ပေးအပ်ထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) ရဲ့ တာဝန်ရှိသူက “သူက ကားစပယ်ယာပါ။ ရမည်းသင်းမှာ ကားစပယ်ယာလုပ်ရင်း ပေါ်တာဆွဲခံခဲ့ရပြီး ဟိုပုံး စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၄ တက်ခဲ့ရတယ်။ အဲဒီကနေ သင်တန်းဆင်းပြီး ဂန့်ဂေါ ခလရ ၅၀ ကို အပို့ခံရတာ ၆ လလောက် ရှိပါပြီ။ သူက ပြည်သူတယောက်ရဲ့ အကူအညီနဲ့ ကျနော်တို့ဆီကို ချိတ်ဆက်လာပြီး အလင်းဝင်လာတာပါ” လို့ DVB ကို ပြောပါတယ်။
လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတဲ့ အဆိုပါ စစ်မှုထမ်းတပ်သားသစ်ကို ဆုကြေးငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ထားပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
ဂန့်ဂေါမြို့နယ် အပါအဝင် ယောဒေသအတွင်း ရောက်ရှိနေကြတဲ့ စစ်တပ်လက်အောက်ခံတွေ အနေနဲ့လည်း နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အမြန်ဆုံးချိတ်ဆက် အလင်းဝင်ရောက်ကြဖို့လည်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) က တိုက်တွန်းထားပါတယ်။










