
စက်တင်ဘာ ၂၅ တရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်အယောက် ၃၀ သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၁၉ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာတော့ စစ်ကောင်စီဂိတ်ကို PDF တို့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး မြောင်မြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေကို PDF တို့က ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာလည်း စစ်ကောင်စီ တပ်တွေကို KIA+PDF တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြသလို ဝိုင်းမော်မြို့နယ်မှာလည်း စစ်ကောင်စီ တပ်တွေနဲ့ KIA တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြတာပါ။
ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ MDF တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ စစ်တပ်ရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အ တွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
၂ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံအနှံ့ တိုက်ပွဲအကြိမ်ရေ ၉,၉၀၀ လောက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၂ ရာခိုင်နှုန်းကျော်ပမာဏဖြစ်တဲ့ အယောက် ၃၀,၀၀၀ လောက်ထိ ချေမှုန်းနိုင်ခဲ့တယ်လို့ NUG က ဆိုပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိပါဘူး။










