DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်မှ ဆရာမ အသတ်ခံရမှုတွင် သံသယရှိသူအား ဖမ်းဆီးပြီး AA ထံအပ်နှံ
DVB
·
September 26, 2023
ရသေ့တောင်မှ ဆရာမ အသတ်ခံရမှုတွင် သံသယရှိသူအား ဖမ်းဆီးပြီး AA ထံအပ်နှံ
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောရွာမှာ အသတ်ခံခဲ့ရတဲ့ အလယ်တန်းပြ ကျောင်းဆရာမအမှုမှာ ထွက်ပြေးသွားခဲ့တဲ့ အဓိက သံသယရှိသူ မောင်မောင်အေးကို စက်တင်ဘာ ၂၆ ရက်က သူ့အစ်မနေအိမ်မှာ မိသားစုကိုယ်တိုင် ဖမ်းဆီးပြီး ရက္ခိုင့်တပ်တော် (အေအေ) ဆီ အပ်နှံခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

ကျွန်းပေါ်ပေါက်တောရွာ မျက်မြင်ဒေသခံတဦးက “သူ့အစ်မဖြစ်သူအိမ်မှာရှိနေတာ အနီးအနားအိမ်တွေက သိကြတယ်၊ မပြောဝံ့ကြဘူး။ သူ့အစ်မ မိသားစုကလည်း သူ့ကိုလက်ခံထားရင် သူတို့မိသားစုတွေပါ အမှုပတ်လာမှာကို ကြောက်ပြီး အခုလို သူတို့ကိုယ်တိုင် ဖမ်းဆီးပြီး ရက္ခိုင့်တပ်တော်လက်ထဲကို အပ်နှံလိုက်ကြတာပါ” လို့ ပြောပါတယ်။

မောင်မောင်အေးဟာ ဒုလယ်ပြဆရာမ ဒေါ်နှင်းယုနွယ် အသတ်ခံရမှုမှာ ULA/AA က သံသယနဲ့ စစ်ဆေးနေတဲ့ အဓိက သံသယရှိသူ ၂ ဦးအနက် တဦးဖြစ်ပြီး စက်တင်ဘာ ၁၉ ရက် ည ၉ နာရီခွဲလောက်က ULA/AA လက်ထဲကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး တပတ်အကြာမှာ သူ့အစ်မဖြစ်သူ နေအိမ်မှ မိသားစုတွေကိုယ်တိုင် ဖမ်းဆီးပြီး အေအေလက်ထဲ အပ်နှံခဲ့ကြတာပါ။

ကျွန်းပေါ်ပေါက်တောရွာမှာ အိမ်ခြေ ၈၀ ခန့်သာရှိပြီး အစ်မဖြစ်သူနေအိမ်မှာ ပုန်းခိုနေတာ လူတိုင်းက သိပေမဲ့ မပြောဝံ့ကြဘူးလို့ ရွာသားတချို့က ဆိုပါတယ်။

ဆရာမအမှုနဲ့ပတ်သက်ပြီး နောက်ထပ် ဆက်စပ်သံသယရှိသူ ၁ ဦးအပြင် ဆရာမအလောင်းကို မျက်မြင်တွေ့ရှိသူ ၆ ဦးကိုလည်း ULA/AA က စစ်ဆေးနေတယ်လို့ စက်တင်ဘာ ၂၃ ရက်မှာ AA ဘက်က ထုတ်ပြန်ထားပါတယ်။

အဲဒီလူသတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ရသေ့တောင်မြို့နယ် ပန်းဖော်ပြင်ကျေးရွာနဲ့ ကျွန်းပေါ်ပေါက်တောကျေးရွာအပြင် နောက်ကျေးရွာတွေက ပညာရေးဝန်ထမ်းတွေ ကျောင်းမတက်ရဲ ဖြစ်နေကြပြီး ကြောက်လန့်စွာ နေထိုင်နေကြကြောင်း ဒေသခံရွာသားတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013