
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက်၊ NUG လက်အောက်ခံ ကလေး PDF တပ်ရင်း-၆ က စက်တင်ဘာ ၂၄ ရက်မှာ အပတ်စဉ် ၁၁ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားကို မြို့နယ်ပကဖ၊ မြို့နယ်တပ်ရင်းအရာရှိတွေ၊ မြို့နယ် ပအဖတွေနဲ့ ပြည်သူတချို့ တက်ရောက်ခဲ့ကြပြီး တပ်ရင်းအရာရှိတွေက မိန့်ခွန်းပြောကြားခဲပါတယ်။
ကလေး PDF တပ်ရင်း- ၆ တာဝန်ရှိရဲဘော်က “ဒီသင်တန်းမှာက တိုက်ခိုက်ရေးပိုင်းကို ဦးစားပေး သင်ကြားခဲ့တယ်။ လက်တွေ့ စစ်ကြောင်းထွက်တဲ့ မစ်ရှင်တွေနဲ့ စစ်ကြောင်းထွက်ရင်း ရန်သူနဲ့ထိတွေ့တဲ့အခါ ရှောင်ရန် ဆောင်ရန်တွေကို သင်ကြားခဲ့တာ။ သင်တန်းကာလက တလကျော် ကြာခဲ့တယ်” လို့ ပြောပါတယ်။
ကလေး PDF တပ်ရင်း-၆ အနေနဲ့ အခြေခံစစ်သင်တန်းတွေ ဆက်လက်ပေးဖို့ရှိနေပြီး စစ်အာဏာရှင်ကို လက်နက်ကိုင်ပြီး တော်လှန်တိုက်ခိုက်ချင်တဲ့ လူငယ်တွေအနေနဲ့ မိမိတို့ ကလေး PDF တပ်ရင်း-၆ ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကတဆင့် ဆက်သွယ်ပြီး သင်တန်းတက်ရောက်နိုင်ကြောင်း ပြောကြားထားပါတယ်။
ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၆ အနေနဲ့ တိုက်ပွဲတွေဖော်ဆောင်ကာ မိမိတို့ရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် စစ်ကောင်စီတပ်နဲ့ အပေါင်းအပါတွေကို အမြစ်ပြတ် တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
ဓာတ်ပုံ - ကလေး PDF တပ်ရင်း-၆










