Home
မြန်မာသတင်း
ကလေးမြို့တွင် စက်သုံးဆီပြတ်တောက်နေ
DVB
·
September 26, 2023

မဟာမြိုင်တောဘက်မှာ မိုးများပြီးလမ်းပိတ်နေတာ သီတင်းတပတ် ပတ်ဝန်းကျင်ရှိပြီဖြစ်လို့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စက်သုံးဆီတွေ ပြတ်တောက်နေပြီး စက်သုံးဆီဆိုင်အချို့ ပိတ်ထားရတယ်လို့ မြို့ခံတွေကပြောပါတယ်။

စက်တင်ဘာလ ၂၆ရက် ဒီနေ့မနက်ပိုင်းမှာတော့ ကလေးမြို့တွင်းက KTဆီဆိုင်၊ရဲတံခွန်ဆီဆိုင်၊‌ ရွှေလမင်းဆီဆိုင်တွေကသာ စက်သုံးဆီတွေကိုအကန့်အသတ်ဖြင့်ရောင်းချပေးနိုင်တော့တာပါ။

ရောင်းချပေးတဲ့စက်သုံးဆီဆိုင်တွေမှာအောက်တိန်း 92 တဂါလံကို ကျပ်  ၁၈၀၀၀ ဝန်းကျင်၊ 95 တဂါလံကို ကျပ် ၂၀၀၀၀ ဝန်းကျင်ဈေးနဲ့ ဓာတ်ဆီတွေကို ဆိုင်ကယ်တစ်စီးလျှင် ကျပ်  ၅၀၀၀ ဖိုးသာထည့်သွင်း ရောင်းချပေးနိုင်တော့တာလို့ဆိုပါတယ်။

ကလေးမြို့ခံတဦးက “ မဟာမြိုင်လမ်းကမိုးများပြီး လမ်းပိတ်နေတော့ ဆီတွေပြတ်ကြတာ။ ဒီဇယ်ကတော့ ထည့်လို့ရသေးတယ်။ ကလေးမြို့လည်း ဆိုင်ကယ်ပဲအဓိက အစီးများကြတာလေ။ 92/95တွေပြတ်တော့ အခက်တွေ့တယ်။” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကလေးမြို့က စက်သုံးဆီဆိုင်ကြီးတွေဖြစ်တဲ့ အိုဆို၊ မြမေတ္တာမွန်၊ ရဲတံခွန်၊ တော်ဝင်၊ PPK စတဲ့ စက်သုံးဆီဆိုင်တွေကတော့ ရောင်းချစရာ ဆီမ‌ရှိတော့တာကြောင့် ဆိုင်ပိတ်ထားလိုက်ရပြီလို့ ဆိုပါတယ်။

ကလေးမြို့ကနေ မြန်မာပြည်အောက်ပိုင်းဘက်ကိုသွားတဲ့ ကလေး-ဂန့်‌‌ဂေါလမ်း၊ ကလေးဝ-မဟာမြိုင်လမ်း၊ ကလေးဝ-မင်းကင်းလမ်း၊ ကလေး-ဟားခါးလမ်း စတဲ့ အဓိကလမ်းမကြီး ၄ ခုရှိပြီး လက်ရှိမှာတော့ မဟာမြိုင်လမ်းကို အဓိကအသုံးပြု‌နေရပြီး ကလေး-ဂန့်ဂေါလမ်းကတော့ လမ်းကြောပိတ်နေတာ ၂ နှစ်ကျော်နေပြီလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024