DVB Logo
Home
နိုင်ငံတကာ
နျူးကလီးယား အသုံးပြုပါက မြောက်ကိုရီးယား အဆုံးသတ်သွားမည်ဟု တောင်ကိုရီးယား ပြော
DVB
·
September 26, 2023
နျူးကလီးယား အသုံးပြုပါက မြောက်ကိုရီးယား အဆုံးသတ်သွားမည်ဟု တောင်ကိုရီးယား ပြော
Donate to DVB

မြောက်ကိုရီးယားက နျူးကလီးယားလက်နက်ကို အသုံးပြုမယ်ဆိုရင် တောင်ကိုရီးယား-အမေရိကန် မဟာမိတ်အဖွဲ့ရဲ့ ပြင်းထန်တဲ့တုံ့ပြန်မှုကနေ မြောက်ကိုရီးယား အစိုးရကို အဆုံးသတ်သွားလိမ့်မယ်လို့ သမ္မတ ယွန်းဆွတ်ခ်ယိုးက ပြောပါတယ်။ 

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးက စက်တင်ဘာ ၂၆ ရက်မှာ မိုးထဲရေထဲကျင်းပတဲ့ ၇၅ နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် မိန့်ခွန်းထဲမှာ သူ့တပ်ဖွဲ့ဝင်တွေကို ပြောကြားသွားတာပါ။

မြောက်ကိုရီးယားက ရန်စလာရင် တောင်ကိုရီးယားစစ်တပ်က လက်တွေ့ကျတဲ့ တိုက်ခိုက်ရေးစွမ်းရည်နဲ့ ခိုင်မာတဲ့ စစ်ရေးပြင်ဆင်မှုအပေါ် အခြေခံပြီး ချက်ချင်း ပြန်ပေးဆပ်ခိုင်းမှာ ဖြစ်တယ်လို့လည်း သမ္မတယွန်းက ပြောသွားပါတယ်။

“နိုင်ငံတကာ လူ့အဖွဲ့အစည်းက ဆယ်စုနှစ်များစွာ အကြိမ်ကြိမ် သတိပေးနေပေမဲ့ မြောက်ကိုရီးယားဟာ သူတို့ရဲ့ နျူးကလီးယားနဲ့ ဒုံးကျည်စွမ်းရည်တွေကို မြှင့်တင်နေပြီး နျူးကလီးယား အသုံးပြုမှုနဲ့ ပွင့်ပွင့်လင်းလင်း ခြိမ်းခြောက်နေကြောင်း” သမ္မတ ယွန်းက ပြောပါတယ်။

ဒါတွေက ကိုရီးယားသမ္မတနိုင်ငံက ပြည်သူတွေအတွက် အသက်အန္တရာယ်ကို အမှန်တကယ် ခြိမ်းခြောက်မှု ဖြစ်နေတဲ့အပြင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အရေးပါတဲ့ စိန်ခေါ်မှုလည်း ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ဆိုးလ်က မြောက်ကိုရီးယားအပေါ် တင်းမာတဲ့ ရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့ပြီး ပြုံယမ်းကို နျူလက်နက် အသုံးမပြုဖို့ သတိပေးလိုက်တဲ့အပြင် စစ်တပ်နဲ့ ကာကွယ်ရေး လုပ်ငန်းတွေအတွက် ပံ့ပိုးကူညီမှုတွေကို မြှင့်တင်သွားမှာဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။

ဆိုးလ်အစိုးရဟာ ခိုင်မာတဲ့ တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ကို အခြေခံပြီး တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့အကြား လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုအားကောင်းအောင် လုပ်ဆောင်မယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ခိုင်မာတဲ့ လုံခြုံရေး အနေအထားတရပ်ကို ထူထောင်ဖို့ မဟာမိတ်တွေနဲ့ အနီးကပ် လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

အင်္ဂါနေ့အခမ်းအနားဟာ ဆယ်စုနှစ်တခုအတွင်း နိုင်ငံရဲ့ ပထမဆုံး အကြီးစား စစ်ရေးပြ ချီတက်ပွဲဖြစ်ပြီး အဲဒီအင်အားပြပွဲမှာ ပဲ့ထိန်းဒုံးကျည်တွေကနေ ရဟတ်ယာဉ်တွေကို တိုက်ခိုက်တဲ့ လက်နက်တွေအထိ ပါဝင်ပြသခဲ့ပါတယ်။

ဒီချီတက်ပွဲကို ဆိုးလ်မြို့ပြင်ရှိ ဆောင်းနမ် လေတပ်စခန်းမှာ ကျင်းပခဲ့တာဖြစ်ပြီး အဲဒီမှာ ဟျွန်းမူ ဒုံးကျည်တွေ၊ L-SAM ကြားဖြတ်ဒုံးခွင်းလက်နက်တွေနဲ့ ကင်းထောက်ဒရုန်းတွေ ကိုလည်း စစ်ဘက်ဆိုင်ရာ စက်ပစ္စည်းကိရိယာတွေကြားမှာ ပြသထားပါတယ်။

တနေကုန် ပြပွဲအခမ်းအနားမှာ ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ တောင်ကိုရီးယားရဲ့ ပြည်တွင်းထုတ် တင့်ကားတွေ၊ တွန်းကန်အားရှိ အမြောက်တွေအပြင် တိုက်ခိုက်ရေး လေယာဉ်တွေနဲ့ ဒရုန်းယာဉ်တွေကိုလည်း ပြသထားပြီး တောင်ကိုရီးယားအခြေစိုက် အမေရိကန်စစ်သည် ၂၈,၅၀၀ ထဲက အင်အား ၃၀၀ လည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013