
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လိုင်လွမ်လီဆောကျေးရွာအုပ်စုရှိ မဒီးယန်နဲ့ အောင်ဂျာယန်ရွာ အနီးဝန်းကျင်ကို စက်တင်ဘာ ၂၅ ရက် ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေနဲ့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဒေသခံတဦးက “မနေ့က ဟိုတလောက လက်ကျန်နားလေ။ မနေ့က အသေအလဲပဲ” လို့ ပြောပါတယ်။
တံတားဦးဘက်က တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးနဲ့ မြစ်ကြီးနားမှာ ကျန်နေတဲ့ ဂျက်ဖိုက်တာ ၂ စီး စုစုပေါင်း ၃ စီးနဲ့ လိုင်ဇာအနီး လွိုင်လွမ့်အောင်ဂျာရွာ ဝန်းကျင်မှာ မနေ့ စက်တင်ဘာ ၂၅ ရက် ညနေပိုင်း ၃ နာရီ ၄၅ မိနစ် မှာ တကြိမ်၊ ၃ နာရီ ၅၃ မိနစ်မှာ တကြိမ်နဲ့ ၄ နာရီ ၁ မိနစ်မှာ တကြိမ် စုစုပေါင်း ၃ ကျော့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တဦးက ပြောပါတယ်။
“မဒီးယန်နဲ့ အောင်ဂျာရွာဘက် စစ်ကောင်စီတွေ အသေများလို့ ဂျက်ဖိုက်တာ ၃ စီးနဲ့ ၃ ကျော့ ဗုံးလာကြဲတယ်။”
လတ်တလော မဒီးယန်နဲ့ အောင်ဂျာယန် တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးအဆင့် ၂ ဦး အပါအဝင် အများအပြား သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၄ ရက် မနက် ၇ နာရီလောက်ကလည်း နမ့်ပေါင် စစ်ကောင်စီလေယာဉ်ကွင်းကို KIA နဲ့ KPDF ပူးပေါင်းအဖွဲ့တို့ ၁၀၇ မမ ၄ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့ရာ လေယာဉ်တွေ တန်းစီထားတဲ့နေရာ ကျရောက်ပေါက်ကွဲလို့ F-7M ဂျက်ဖိုက်တာ ၂ စီး ထိခိုက်ပျက်စီးသွားတဲ့အပြင် လေကြောင်းဆက်သွယ်ရေးရုံးချုပ်မှာလည်း လက်နက်ကြီးကျည် တလုံး ကျကွဲလို့ ဆက်သွယ်ရေး ပြတ်တောက်သွားခဲ့တယ်လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်က ဆွမ်ပရာဘွမ်-ပူတာအို လမ်းဘက်မှာ အင်အား ၆၀ ခန့်ပါ စစ်ကောင်စီကား ၂ စီး စစ်ကြောင်းထိုးလာတာကို KIA တပ်မဟာ ၁၊ တပ်ရင်း ၄ အဖွဲ့က ဖုန်အိန်ယန်နဲ့ ဝေရှီးကြားမှာ နေ့လယ် ၁ နာရီလောက်က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီရဲ့ လက်နက်သေတ္တာ ၁၇ လုံး၊ ကျည်အိတ်ကြီး ၃ အိတ်နဲ့ လက်နက်အကြီးအသေး၊ အေမြာက်တွေ အများအပြား သိမ်းဆည်းရရှိခဲ့ပြီး ကား ၂ စီးကိုလည်း မီးရှို့ရှင်းလင်းခဲ့ကာ တပ်ရင်းမှူးအဆင့် ၁ ဦးနဲ့ ရဲဘော် ၁၀ ဦး သေဆုံးပြီး တချို့က ခြေဦးတည့်ရာ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
KIA ဘက်ကတော့ ၂ ဦးကျပြီး စစ်ကောင်စီဘက်က လမ်းပြအဖြစ် ခေါ်လာတဲ့ အရပ်သား ၂ ဦးလည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၂၀ ရက်ကလည်း ဆွမ်ပရာဘွမ်-ပူတာအိုလမ်း၊ ဒရူယန်တံတားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီပို့စ်တခုကို KIA တပ်မဟာ ၁၊ တပ်ရင်း ၄ နဲ့ KPF အဖွဲ့တို့ သွားရောက်တိုက်ခိုက်ရာ လက်နက်ခဲယမ်းပစ္စည်း အမြောက်အမြား သိမ်းဆည်းရရှိခဲ့ပြီး အရာရှိ ၁ ဦး အပါ အရှင် နှစ်ဦး ဖမ်းမိကာ ၁၄ ဦး သေဆုံးပြီး အရာရှိ ၁ ဦးနဲ့ ရဲဘော် ၄ ဦး ထွက်ပြေးလွတ်မြောက်သွားပါတယ်။