DVB Logo
Home
မြန်မာသတင်း
မင်းလှတွင် ရဲကင်း တိုက်ခိုက်ခံရ၊ ကနီမြို့ ချင်းတွင်းမြစ်၌  စစ်သင်္ဘော ၂ စီး တိုက်ခိုက်ခံရ 
DVB
·
September 26, 2023
မင်းလှတွင် ရဲကင်း တိုက်ခိုက်ခံရ၊ ကနီမြို့ ချင်းတွင်းမြစ်၌  စစ်သင်္ဘော ၂ စီး တိုက်ခိုက်ခံရ 
1 / 3
Donate to DVB

မကွေးတိုင်း၊ မင်းလှမြို့နယ်မှာ စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းက ရေနံမနယ်မြေရဲစခန်းရဲ့ လက်အောက်ခံ လက်ပံတံခါး ရဲကင်းစခန်း တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးခဲ့တယ်လို့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု-PRA (မကွေး) ကနေ သိရပါတယ်။

အထက်မင်းလှမြို့နယ် ရေနံမနယ်မြေရဲစခန်းရဲ့ လက်အောက်ခံ လက်ပံတံခါး နယ်မြေရဲစခန်းကို စက်တင်ဘာ ၂၆ ရက် မနက် ၁ နာရီ ၂၇ မိနစ်ကနေ ၂ နာရီ ၁၄ မိနစ်အထိ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ကြတယ်လို့ PRA(မကွေး) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ဟာကျူလီက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီရဲကင်းစခန်းမှာ ရဲတွေအပြင် ကပစ ၁၃ က စစ်ကောင်စီတပ်သားတွေနဲ့ သစ်တောဝန်ထမ်းတွေ တပ်စွဲထားပြီး ရဲကင်းစခန်းကို တိုက်ခိုက်ဖို့အတွက် မဟာမိတ်တွေနဲ့ စခန်းသိမ်းဖို့အထိ အချိန်ယူ ပြင်ဆင်ကာ ဒီနေ့မနက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စီမံချက်အတိုင်း စခန်းသိမ်းဖို့ မလုပ်ဆောင်နိုင်ခဲ့ဘဲ မြေပြင်အခြေအနေအရ ကိုယ့်ဘက်က အားနည်းချက်တွေ လိုအပ်ချက်တွေ ရှိနေလို့ ရလဒ်မကောင်းနိုင်တာကြောင့် ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ မဟာဗျူဟာမြောက် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ သူတို့ဘက်ကလည်း ၄၀ မမတွေ၊ စက်လတ်တွေနဲ့ ရမ်းကား ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို PRA(မကွေး)၊ အထက်မင်းလှ ပကဖ၊ မကွေးတောင်ပိုင်း PDF (မကွေးပကဖ)၊ အရှိုချင်းကာကွယ်ရေးတပ်-ACDF နဲ့ Key of Revolution ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာလည်း ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်က စုန်ဆင်းလာတဲ့ စစ်သင်္ဘော ၂ စီးကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၁၂ နာရီဝန်းကျင်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စနိုက်ပါလက်ချက်မိပြီး စစ်သား ၂ ယောက် ထိမှန်သေဆုံးခဲ့​တယ်လို့ ကျောက်လုံးကြီး-KLG-PDF တပ်မဟာက စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

KLG သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက “မင်းကင်းမြို့နယ် ပန်းဆက်ပျူစောထီးရွာကနေ စုန်ဆင်းလာတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်သင်္ဘော ၂ စီးကို စက်တင်ဘာ ၂၅ ရက်နေ့ မနက် ၁၁ နာရီ ၄၀ မိနစ်အချိန် ကနီမြို့ အောက်ဘက်အရောက် ပွိုင့် ၃ ပွိုင့်ခွဲပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာ စနိုက်ပါနဲ့ပစ်တာမှာ ရန်သူစစ်သား ၂ ယောက် ထိပြီးသေတယ်” လို့ ပြောပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း-၂၁၊ ၂၂၊ ၂၃ ကျောက်လုံးကြီး KLG-PDF၊ ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲ တပ်မဟာအဖွဲ့နဲ့ နယ်မြေခံ ပကဖတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောက်လုံးကြီး KLG-PDF အဖွဲ့ရဲ့ စနိုက်ပါလက်ချက်မိပြီး အကြမ်းဖက် စစ်သင်္ဘောပေါ်က ရန်သူစစ်သား ၂ ယောက်သေတာ မျက်မြင် အတည်ပြုနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက် သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီဘက်ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013