
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အတိုင်း ဇူလိုင် ၆ ရက် မနက်ခင်းပိုင်းက ဆန်တက်လာတဲ့ စစ်တပ်ရဲ့ ဖလပ်ခွံရေယာဉ် ၄၂ စင်းဟာ မြစ်ကမ်းဘေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ မြစ်ကမ်းဘေးကျေးရွာနေသူတွေ နေရပ်စွန်ခွာ နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရ ပါတယ်။
အဆိူပါ ဖလပ်ခွံ ၄၂ စင်းဟာ မုံရွာမြို့ ၊ အလုံမင်းဒေါင့်ဆိပ်ကမ်းကနေ ဇူလိုင် ၆ ရက် မနက်ခင်း ၇ လောက်က စတင်ကာ ချင်းတွင်းမြစ်အတိုင်းဆန်တက်လာတာလို့ လည်း သိရပါတယ်။
ကနီမြို့နယ် အိုင်တောင်ရွာသား တယောက်က “သူတို့ ဆန်တက်လာကတည်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရွာတွေဘက်ကို ရမ်းသန်းပစ်တာ။ ကျောက်မှော်ရွာမှာရှိတဲ့ ဘုန်းကြီး ကျောင်းအမိုးတွေ အကုန်ပျက်စီးတယ်။ တခြားမြစ်ကမ်းဘေးရွာက ပြည်သူနေအိမ်တွေလည်း ပျက်စီးတာတွေရှိတယ်လို့ သတင်းရတယ်။ လူအသေအပျောက်တော့ မရှိဘူးလို့လည်း သိထား ရတယ်”လို့ ပြောပါတယ်။
စစ်တပ်က ဖလပ်ခွံတွေပေါ်ကနေ ပစ်ခတ်တာကြောင့် ကနီမြို့နယ်အတွင်းက မီးသွေးကျင်းရွာ၊ အုန်းပင်ဆိပ်ရွာ၊ အိုင်တောင်ရွာ၊ မင်းအိုရွာ၊ သရက်ပင်ရွာ၊ ချိုင်ရွာ၊ ဝက်ချောင်းကလေးရွာ၊ နတ်ကြီးရွာ၊ မုဌေါရွာ၊ ငါးဖျတ်ရွာပန်းဆိုင်းရွာ၊ ညောင်ဝန်းရွာ၊ ဝက်ချောင်းကြီးရွာစတဲ့ ကျေးရွာတွေက ပြည်သူတွေ နေရပ်စွန်ခွာ နေကြရတာလည်း ဖြစ်ပါတယ်။
တော်လှန်ရေးရဲဘော်တယောက်က “အခုတော့ စကစ ဖလပ်ခွံတွေက ကနီမြို့ကို ရောက်သွားပြီ။ ကနီဆိပ်ကမ်းမှာ ကပ်ထားကြတယ်။ လှုပ်ရှားမှုတော့ မရှိသေးဘူး။ ဒီဖလပ်ခွံတွေက မန္တလေးဘက် ကနေ ဆန်လာတာလေ။အခု ဟုမ္မလင်း - ဗန်းမော်ဘက်ကို လက်နက်ရိက္ခာလို ယူစရတဲ့ပစ္စည်းတွေ တင်လာတာလိုဘဲ ယူဆရတယ်။ အခုလို မြစ်ရေတက်လာချိန်ဆို ဒီကောင်တွေက ပုံမှန်အခုလို ရေကြောင်းက နေပို့နေတာ။ နှစ်တိုင်းအခုလို ပို့တာ။ မြစ်ကမ်းဘက်ကနေ တော်လှန်ရေးဘက်က ပစ်ခတ်တဲ့အသံတော့မကြားရဘူး” လို့ ပြောပါတယ်။
အဆိုပါ ရေယာဉ်တွေဟာ ကနီမြို့ဆိပ်ကမ်းမှာ ယာယီ ရပ်နားထားပြီး ချင်းတွင်းမြစ် အထက်ပိုင်းကို ထပ်မံ ဆန်တက်ပါက ကနီမြို့နယ်မြောက်ခြမ်း ကချင်းတွင်းမြစ်ကမ်းဘေးမှာ နေထိုင်ကျတဲ့ ဒေသခံပြည်သူများ နေရပ်စွန့်ခွာထွက် ပြေးကြရဖွယ်ရှိနေပါတယ်။
မုံရွာမြို့ အလုံ၊ မင်းဒေါင့်ဆိပ်ကမ်းမှ ဆန်တက်လာတဲ့စစ်ဖလပ်ခွံ ၄၂ စင်းဟာ ဖလက်သံခွန်သင်္ဘော ၃၈ စင်းနဲ့ စစ်သင်္ဘော ၄ စင်းဖြစ်ပြီး အဆိုပါသံခွံဖလပ်ပေါ်မှာ ဒရုန်းပစ္စည်းတွေ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ပါဝင်တယ်လို့ သိရပါတယ်။










