
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ရှောင်ဦးရေ ၄,၀၀၀ ဝန်းကျင် ရှိလာတယ်လို့ စစ်ရှောင်တွေကို ကူညီသူတွေက ပြောပါတယ်။
စက်တင်ဘာ ၁၅ ရက်မှ ၁၈ ရက်နေ့အထိ လက္ကူးကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ရှောင်ဦးရေ ပိုမိုများလာတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
တိုက်ပွဲမဖြစ်ပွားမီက ပုလာမြို့နယ် စစ်ရှောင်စခန်းတွေမှာ လူဦးရေ ၂,၇၄၇ ဦးရှိပြီး ကိုယ်ဝန်သည်မိခင် ၂၀ ဦးရှိတယ်။
တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ရှောင်ဦးရေ ၄,၀၀၀ ဝန်းကျင်အတွင်းရှိပြီး စစ်ရှောင်စခန်းကို ၁၀၀ ကျော်ရောက်လာကာ ကျန်တဲ့သူတွေက နီးစပ်ရာ မြို့တွေ၊ ရွာတွေထဲမှာ စစ်ရှောင်နေကြတယ်လို့ ကူညီပေးသူတဦးက ပြောပါတယ်။
“စစ်ရှောင်စာရင်းအတိအကျကိုတော့ ကျနော်တို့ စုစည်းနေတုန်းပဲ။ တချို့စစ်ရှောင်တွေက ဖမ်းဆီးခံရတာတွေလည်း ရှိတယ်။ စစ်ရှောင်စခန်းမှာရှိတဲ့ လူဦးရေကိုပဲ ကျနော်တို့အနေနဲ့ ပြောနိုင်တယ်။ အခုလက်ရှိမှာ စစ်ရှောင်တွေလိုအပ်တာက စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းတွေ လိုအပ်နေတယ်။”
လက္ကူးကျေးရွာအုပ်စုထဲက မဒေါင်ရွာ၊ မှော်ကြောင်းရွာ၊ ပြင်းဖြူရွာ၊ ကျောက္ကာရွာနဲ့ တိုကျေးရွာအုပ်စုထဲက ပိတပ်ရွာတို့မှ ဒေသခံတွေဟာ အရေးပေါ်စစ်ရှောင်နေကြရပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြောင့် ပလမြို့ပေါ်က ဒေသခံတချို့လည်း နီးစပ်ရာမြို့နဲ့ ရွာတွေကို စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။










