DVB Logo
Home
မြန်မာသတင်း
ကနီတွင် လက်နက်ကြီးကြောင့် နေအိမ်များပျက်စီး၊ ဒီပဲယင်းနှင့်ရေဦးဒေသခံ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရ
DVB
·
September 26, 2023
ကနီတွင် လက်နက်ကြီးကြောင့် နေအိမ်များပျက်စီး၊ ဒီပဲယင်းနှင့်ရေဦးဒေသခံ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ကနေ စက်တင်ဘာ ၂၅ ရက် မနက်အစောပိုင်း ချင်းတွင်းမြစ်အတိုင်း မော်တော်နဲ့ စုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်က ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာ တွေကို မနက် ၁၀ နာရီလောက် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း၊ စာသင် ကျောင်းတွေ အပါအဝင် လူနေအိမ်အများအပြား ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့က မင်းကင်းကနေ မော်တော် ၂ စီးနဲ့စုန်လာတယ်။ အဲလိုစုန်လာပြီး ကနီမြို့ထဲဝင်တာနဲ့ ထုံစံအတိုင်း လက်နက်ကြီး‌တွေနဲ့ ပစ်တော့တာဗျ။ အဲလိုပစ်တာကလည်း ပြည်သူ့ကာကွယ်ရေးတွေ ရှိတဲ့နေရာတွေ ပစ်တာမဟုတ်ဘူး။ ကျနော်တို့ အရပ်သားတွေနေတဲ့ ကျေးရွာတွေပေါ်ကို ၁၂၀ လက်နက်ကြီးတွေနဲ့ကို ပစ်တာလေ။ အဲလိုပစ်လို့ ကင်းရွာက ဘုန်းကြီးကျောင်းထဲက သိမ် ၁ လုံး ပျက်စီးတယ်။ လူနေအိမ် ၁၅ လုံးလောက် သွပ်မိုးတွေပေါက် ပျက်စီးတာ၊ နံရံကွာကျတာတွေ ပျက်စီးခဲ့တယ်ဗျ။ တခြားကျေးရွာတွေလည်း ပျက်စီးတယ်၊ အတိကျတော့ စာရင်းမပြုစုရသေးဘူး” လို့ ကင်းကျေးရွာသားတယောက်က ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကျေးရွာနဲ့ လွတ်ကင်းတဲ့ နေရာကနေ စစ်ကောင်စီ မော်တော်တွေကို ပြန်လည်ခုခံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ငါဖျက်ရွာဆိပ်ကမ်းကိုတော့ နေ့ခင်း ၁၂ နီးပါးလောက်က ရောက်လာတယ်။ ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်သေးတယ်ဗျ။ တိုက်ပွဲဖြစ်တဲ့ နေရာကလည်း ရွာနဲ့ ၄ ဖာလုံလောက်တော့ ဝေးမယ်ထင်တယ်။ သူတို့ အဲလိုတိုက်ပွဲဖြစ်တဲ့နေရာကို ပစ်ခတ်တာမလုပ်ဘဲ ကျနော်တို့ ငါဖျက်ရွာပေါ်တည်တည်ကို လက်နက်ကြီးနဲ့ ပစ်သွားတယ်။ အဲလိုပစ်လို့ ကျနော်တို့ ရွာဘုန်းကြီးကျောင်းတကျောင်းလည်း ပျက်စီးတယ်၊ စာသင်ကျောင်းလည်းပျက်စီးတယ်၊ ကျောင်းထဲက ဝန်ထမ်းအိမ်ရာတွေလည်း ပျက်စီးတယ်ဗျ။ လူနေအိမ် ၂၀ နီးပါးလည်း သွပ်မိုးပေါက်ပျက်စီးတာတွေလည်း ရှိတယ်” လို့ ငါဖျက်ရွာသားတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ရေလမ်းကနေ ရိက္ခာနဲ့ စစ်လက်နက်တွေ သယ်ယူတာကို အခုစက်တင်ဘာလအတွင်း မကြာခဏပြုလုပ်နေတာကြောင့် မြစ်ကမ်းဘေးဝဲယာနေ ဒေသခံပြည်သူတွေ အကြိမ်ကြိမ် နေရပ်စွန့်ခွာနေကြရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ရေဦးနဲ့ ဒီပဲယင်းမြို့နယ်တွေမှာလည်း စက်တင်ဘာ ၂၅ ရက်က စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ၁ သောင်းကျော် စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ စက်တင်ဘာ ၂၂ ရက်က ရေဦးမြို့ တိုင်းရင်းဆေးရုံကနေ ရေဦးမြို့နယ် တောင်ခြမ်းကို စတင်စစ်ကြောင်းထိုးလာတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ယက်ကုန်းရွာသား တဦးက “စစ်ကြောင်းကလည်း အကြိမ်ကြိမ်လာတော့ ဘာစီးပွားရေးမှ မလုပ်ရဘူး။ ဒီကြားထဲ အိမ်တွေပါ မီးရှို့တော့ နေစရာ ထိုင်စရာလည်း မရှိကြတော့ဘူး။ အသက် မသေရင် ပြီးတာပဲဆိုတဲ့ စိတ်မွေးထားရတယ်။ အခုလည်း ကျနော်တို့ လက်ယက်ကုန်းရွာဘက်ကို ဒီနေ့ ညနေ စစ်‌ကြောင်းဝင်လို့ ညအချိန်ကြီးကို ရွာထဲကနေ ထွက်ပြေးခဲ့ရတယ်” လို့ ပြောပါတယ်။

အခုလိုစစ်ကြာင်းထိုးလာတာကြောင့် ရေဦး- ဒီပဲယင်းနယ်စပ်က ရွာသာလေး၊ မူးသာကုန်း၊ ဆည်ကြီး စတဲ့ ကျေးရွားတွေနဲ့ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းက လက်ယက်ကုန်းကျေးရွာနဲ့ အနီးနား ရွာက ရွာသားတွေ ထွက်ပြေးနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013