DVB Logo
Home
မြန်မာသတင်း
ရေး၊ နတ်တလင်းနှင့် မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
September 25, 2023
ရေး၊ နတ်တလင်းနှင့် မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အရှေ့ဘက် မကျည်းပင်ကျေးရွာ အောင်သုခဂိတ်စခန်းမှ ထွက်ခွာလာတဲ့ စစ်တပ်ကားတစီးကို စက်တင်ဘာလ ၂၄ ရက်  မနက် ၁၁နာရီ ၄၅ မိနစ်လောက် ဘုရားတောင်ကုန်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၂ Phoenix DF တပ်ဖွဲ့  တပ်စု ၃ ရဲ့ ရဲဘော်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ဘုရားတောင်ကုန်း အနီးတဝိုက်ကို ရမ်းသန်းပစ်ခတ်ခဲ့ကြပေမဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ 

နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပိုမိုပြင်းထန်လာနိုင်တာကြောင့်  စစ်ကောင်စီတပ်နဲ့အနီးနားမှာ နေထိုင်တာ၊ ခရီးအတူသွားလာတာ၊ အဆက်အသွယ်လုပ်တာတွေ မပြုလုပ်ကြဘဲ ရှောင်ရှားကြဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၂ Phoenix DF တပ်ဖွဲ့  သတိပေးထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ် အခြေစိုက် ခမရ ၅၈၇ တပ်ရင်းကို စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီ ကျော်လောက်မှာ ရေးအခြေစိုက်သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

"၄၀ မမ နဲ့ လက်နက်ငယ်တွေပါ ပစ်ခတ်တာပါ။ စစ်ကောင်စီတပ်ဘက်ကလည်း တဖန်လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပြန်ပစ်တာရှိတယ်၊ PDF ရဲဘော်တွေက ထိခိုက်မှုက မရှိဘူး။ စစ်ကောင်စီတပ်ဘက်က ၁ ယောက်သေဆုံးခဲ့တယ်” လို့  ​ရေးသိန်းငှက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ရေး၊ သံဖြူဇရပ် နဲ့ ကျုံးဒိုး ကော့ကရိတ်မြို့နယ်ဘက်တွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေ မကြခဏဖြစ်ပွားနေတာပါ။

မကွေးတိုင်း မြိုင်မြို့မှာ စက်တင်ဘာ ၂၃ ရက် ညနေက စစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့ လဝကရုံး ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ မြိုင်မြို့နယ်ပကဖကနေ သိရပါတယ်။

မြိုင်မြို့မှာ စစ်ကောင်စီရဲ့ မြောက်ဘက် မြို့ဝင်စစ်ဆေးရေးဂိတ်ကို စက်တင်ဘာ ၂၃ ရက် ညနေ ၆ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ အီနာဂါဗုံးသီး ၅ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသုခ က ဒီဗွီဘီကို ပြောပါတယ်။

ဒါအပြင် မြိုင်မြို့နယ်လဝက ရုံးကိုလည်း ညနေ ၆ နာရီခွဲလောက်မှာ ဒရုန်းနဲ့ အီနာဂါဗုံးသီး ၄ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့သလို မြောက်ဘက်စစ်ဆေးရေးဂိတ်ကိုလည်း လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်မြို့နယ်ပကဖ တပ်ရင်း(၁)၊ တပ်ခွဲ(၁)၊ ဗိုလ်ကျားပေါက်အဖွဲ့၊ ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘဲ စစ်ကောင်စီဘက်က အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013